ယူရိုပါလိဂ်က ဆိုးဆိုးရွားရွား အရေးနိမ့် ထွက်ခွာခဲ့ရပြီး ပရိသတ်တွေကို စိတ်ပျက်စေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်

ဧပြီ၊ ၂၁

ယူရိုပါလိဂ် ပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်ကနေ ရုပ်ပျက်ဆင်းပျက် အရေးနိမ့် ထွက်ခွာခဲ့ရတဲ့နောက် ကစားသမား တချို့ဟာ အသင်းမှာ မရှိသင့်တော့ဘူးလို့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်လာကြပါတယ်။

ယူနိုက်တက်ဟာ စပိန်ကလပ် ဆီဗီးလားရဲ့ အိမ်ကွင်းမှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် နှစ်ကျော့ပေါင်းရလဒ် ၅-၃ နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ ပြိုင်ဘက်ကို ခွင့်ပြုခဲ့ရတဲ့ နှစ်ကျော့ပေါင်း ၅ ဂိုးမှာ ၄ ဂိုးက ယူနိုက်တက် ကစားသမားတွေ ကိုယ့်ဂိုးကိုယ် သွင်းမိတာ၊ ဆိုးဆိုးရွားရွား အမှားကျူးလွန်မိတာတွေကြောင့် ဖြစ်ပါတယ်။ အခုပွဲမှာလည်း ပြိုင်ဘက် ကစားသမားတွေဆီ ဘောလုံးမှားပေးမိလို့ ၂ ဂိုး ခွင့်ပြုခဲ့ရတဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယား၊ ဂိုးသမား ဒေးဗစ် ဒဟေးယားတို့ဟာ အသင်းမှာ ဆက်မရှိသင့်တော့ဘူးလို့ ပရိသတ် အများအပြားက ဝေဖန်လာသလို မန်နေဂျာ အဲရစ်တန်ဟက်ဂ် အနေနဲ့ ရာသီကုန်မှာ တချို့ အသင်းသားတွေကို သံယောဇဉ် အပြီးဖြတ်တောက်ပြီး ရောင်းထုတ်ပစ်သင့်ပြီလို့ မှတ်ချက် ပေးနေကြပါတယ်။

ဆိုးရွားလှတဲ့ ဘောလုံးအထိန်းအသိမ်းကြောင့် ဆီဗီးလားကို တတိယဂိုး ရသွားစေတဲ့ ဂိုးသမား ဒဟေးယားနဲ့ ပတ်သက်ပြီး အသင်းရဲ့ ဂန္ထဝင် ကစားသမားဟောင်းကြီး ပေါလ်စခိုးလ်ကလည်း ဒဟေးယားဟာ ဂိုးသမားကောင်း တဦးဖြစ်ပေမယ့် ဘောလုံးသမား တဦးအနေနဲ့တော့ တော်တော်ညံ့တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်ဟာ ပွဲပယ်နဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် အဓိက ကစားသမားတချို့ မပါဝင်နိုင်ခဲ့ခြင်းကလည်း အခြေအနေကို ပိုဆိုးရွားသွားစေခဲ့ပါတယ်။ တန်ဟက်ဂ်က သူ့အသင်းသားတွေဟာ လုံလောက်တဲ့ အရည်အသွေးကောင်းမျိုး မပြသနိုင်ခဲ့တာကို အရှိအတိုင်း လက်ခံရမယ်လို့ ပြောကြားခဲ့ပြီး ကစားသမား တချို့ရဲ့ စိတ်ဓာတ်ပိုင်းနဲ့ အားထုတ်မှုတွေအပေါ် မေးခွန်း ထုတ်သွားပါတယ်။

အသင်းဟာ ကိုယ်တိုင်ရော၊ ပရိသတ်တွေကိုပါ စိတ်ဓာတ်ကျစေခဲ့ကြောင်း၊ အသင်းတသင်းဟာ ဆုဖလားတွေကို လိုချင်တယ်ဆိုရင် အောင်မြင်တဲ့ ရပ်တည်မှုမျိုးနဲ့ ခိုင်မာတဲ့ စိတ်ဓာတ်မျိုး လိုအပ်ကြောင်း၊ ယူနိုက်တက်ဟာ အဲဒီ အပိုင်းမှာ အများကြီး တိုးတက်လာဖို့ လိုနေဆဲဖြစ်ကြောင်း တန်ဟက်ဂ်က ဝေဖန်ခဲ့ပါတယ်။ အသင်းရဲ့ အဓိက ပြဿနာက ခြေစွမ်းနဲ့ ကျွမ်းကျင်မှု မဟုတ်ဘဲ စိတ်ဓာတ်၊ စူးစိုက်မှု၊ စိတ်ဆန္ဒနဲ့ ကျားကုတ်ကျားခဲ အားထုတ်မှုတွေ အားနည်းနေတာ ဖြစ်ကြောင်း၊ ဆီဗီလား နိုင်ချင်စိတ် ပိုပြီး ပြင်းပြင်းပြနဲ့ ကစားသွားခဲ့ပြီး ယူနိုက်တက်ရဲ့ အနေအထားကတော့ လက်ခံနိုင်စရာ မရှိလောက်အောင် ဆိုးရွားခဲ့ကြောင်းလည်း သူက ပြောကြားသွားပါတယ်။

စိတ်ဓာတ်ချင်း၊ ကြိုးစားအားထုတ်မှုချင်း၊ ဆာလောင်မှုချင်း ယှဉ်လိုက်တိုင်း ယူနိုက်တက်ဟာ ဆီဗီးလားကို အကြိမ်ကြိမ် တိုက်ပွဲကျခဲ့တယ်လို့လည်း နယ်သာလန်သား မန်နေဂျာက ဝန်ခံခဲ့ပါတယ်။

ဖလားတလုံးကို ဆိုးဆိုးရွားရွား ပုံစံနဲ့ လက်လွှတ်လိုက်ရတဲ့နောက် ယူနိုက်တက်ဟာ အခုသီတင်းပတ်ကုန်မှာ အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲစဉ်အဖြစ် ဘရိုက်တန်နဲ့ ရင်ဆိုင်ရမှာပါ။ ဘရိုက်တန်က လက်ရှိ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်း အကောင်းဆုံး ဖြစ်နေတဲ့ အခြေအနေကြောင့် ပရိသတ်တွေကတော့ တပတ်အတွင်း ဖလားနှစ်လုံး လက်လွှတ်ရမယ့် အလားအလာအတွက် ကြိုတင်တွေးတော စိတ်ပူနေကြပါပြီ။

တန်ဟက်ဂ်က အဲဒီပွဲကို အသင်းအတွက် နာလန်ပြန်ထမယ့် အခွင့်အရေး တခုအဖြစ် ပြောင်းလဲနိုင်ဖို့ မျှော်လင့်ကြောင်း ဆိုပါတယ်။ ယူနိုက်တက်ဟာ အရင်ကလည်း ရှုံးပွဲတွေကနေ အမြန်ဆုံး ပြန်ရုန်းထခဲ့တဲ့ သာဓကကောင်းတွေ ပြသခဲ့ဖူးကြောင်း၊ ဒါပေမဲ့ ဘရိုက်တန်နဲ့ပွဲမှာ အနိုင်ရချင်ရင် အသင်းအနေနဲ့ ပိုကောင်းမွန်တဲ့ ခံယူချက်နဲ့ စိတ်ဓာတ်မျိုးတွေ မဖြစ်မနေ ထုတ်ပြဖို့ လိုအပ်ကြောင်းလည်း သူက သတိပေးသွားခဲ့ပါတယ်။

 

Ref: ESPN