ထီးလင်းမှာလေကြောင်းတိုက်ခိုက်ခံရလို့ သုံးဦးသေဆုံး၊ ဆယ်ဦးကျော်ဒဏ်ရာရ

ဧပြီ၊ ၂၀
 
မကွေးတိုင်း၊ ထီးလင်းမြို့နယ်မြောက်ပိုင်းက YRA (Yaw Revolution Army) အခြေစိုက်ရာ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)ရုံးနဲ့ လောင်းဘိုလေးရွာအတွင်းကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ သုံးဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရသွားတယ်လို့ ကနဦးသိရပါတယ်။
စစ်ကောင်စီက ဒီကနေ့ ဒီကနေ့ ဧပြီ ၂၀ နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် YRA တပ်ဖွဲ့အခြေစိုက်ရာဒေသက ပ.အ.ဖ ရုံးအဆောက်အဦတခုလုံး မီးလောင်ပျက်စီးကာ ရုံးဝန်ထမ်းသုံးဦး သေဆုံးခဲ့ပြီး ဆယ့်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေ ဖော်ပြပေးနေတဲ့ ယောအလင်းတန်းက ဖော်ပြပါတယ်။ အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူတွေထဲက လေးဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
 
” သေတဲ့သူအပြင် တာဝန်ခံရော၊ ဒဏ်ရာရတဲ့သူတွေ တော်တော်ပြင်းထန်တယ်လို့ ကျွန်တော်တို့ သိထားတယ် ” လို့ ထီးလင်းနယ်နဲ့ ထိစပ်နေတဲ့ ဂန့်ဂေါမြို့နယ်က တော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ဒီကနေ့မနက်ပိုင်းကစလို့ ယောဒသတခုလုံး ဖုန်းလိုင်းတွေပြတ်တောက်နေခဲ့ပြီး ညနေပိုင်းမှာ ဂန့်ဂေါ၊ ကျောက်ထု ဒေသတွေမှာ ဖုန်းလိုင်းပြန်ရပေမယ့် ထီးလင်းမြို့နယ်ကတော့ လက်ရှိအချိန်အထိ ဖုန်းလိုင်းတွေ ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။
 
” ထီးလင်းကို ပစ်တာသိပေမယ့် ကျွန်တော်တို့လည်း အသေးစိတ်ဘာမှမသိရသေးတာ၊ ဖုန်းကလည်း ခုမှရတာ၊ ထီးလင်းက မရသေးဘူး။ လေယာဥ်နဲ့ပစ်တာက ဗုံးချပြီးမှ လေယာဥ်သံကိုကြားရတာဗျ ” လို့ ထီးလင်းမြို့နဲ့ ၂၅ မိုင်ဝန်းကျင် အကွာက ကျောက်ထုဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီကပစ်ခတ်တဲ့ လောင်းဘိုလေးရွာနဲ့ပတ်သက်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
 
ဒီကနေ့ထီးလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာအပြင် ထီးလင်းမြို့မြောက်ဘက်က ရွာနှစ်ရွာကို စစ်ကောင်စီက စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြည်သူတွေရဲ့ပစ္စည်းတွေကို ခိုးယူကာ နှစ်ရွာလုံး ကိုမီးရှိူ့ဖျက်ဆီးခဲ့တယ်လို့ ယောအလင်းတန်းက ဖော်ပြပါတယ်။
 
အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းတခုဟာ ပဇင်းချောင်ရွာထဲက ဆန်၊ ဆီနဲ့ အခြားပစ္စည်းတွေကို ဖောကားတစီးနဲ့ တင်ဆောင်သယ်ယူသွားပြီး ရွာထဲက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်ကျွမ်းမှုပမာဏ များပြားတယ်လို့သာ ကနဦးသိရပြီး ပျက်စီးတဲ့ အိမ်ခြေအရေအတွက်ကို မသိရသေးပါဘူး။
 
ပဇင်းချောင်ရွာကနေ ပြန်ဆုတ်လာတဲ့ ကားကို လုံခြုံရေးယူပေးဖို့ ထီးလင်းမြို့ကနေ ထွက်လာတဲ့ နောက်ထပ်စစ် ကြောင်းတကြောင်းကလည်း ပုဏ္ဏားရွာထဲကို ဝင်ရောက်မွှေနှောက်ပြီး ရွာအရှေ့ပိုင်းက လူနေအိမ်တချို့ကို မီးရှို့ခဲ့ကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ပအဖရုံး