ယမကာလုပ်ငန်းစုသုံးခုက စစ်ကောင်စီအတွက် နှစ်စဉ်ကန်ဒေါ်လာသန်းတရာ့ငါးဆယ်ကျော် အခွန် ပေးသွင်းနေ

ဧပြီ၊ ၂၀
 
နိုင်ငံတကာယမကာလုပ်ငန်းစုကြီးတွေဖြစ်တဲ့ Heineken၊ Carlsberg နဲ့ Grand Royal Group လုပ်ငန်းတွေဟာ စစ်အုပ်စုကို တနှစ်ကို အခွန်ငွေ အမေရိကန်ဒေါ်လာ ၁၅၅ သန်း ပေးသွင်းနေပြီး ဒါဟာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် ငွေကြေးထောက်ပံ့နေတာဖြစ်တယ်လို့ Justice For Myanmar က ဝေဖန်လိုက်ပါတယ်။
 
အကျိုးအမြတ်မယူတဲ့ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုဆိုင်ရာအဖွဲ့ Distributed Denial of Secrets (DDos) က ထုတ်ပြန်ထားတဲ့ အခွန်စာရင်းတွေကတဆင့် အဲ့ဒီယမကာ လုပ်ငန်းစုတွေက စစ်ကောင်စီကပေးနေတဲ့ အခွန်ငွေစာရင်းကို စုံစမ်းစစ်ဆေးထုတ်ဖော်ခဲ့တာလို့ JFM က ပြောပါတယ်။
 
အချက်အလက်တွေအရ အဲဒီလုပ်ငန်းစုကြီး သုံးခုဟာ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ စစ်ကောင်စီကို အထူးကုန်စည်ခွန်အဖြစ် ကျပ် ၄၉.၉ ဘီလီယံ ပေးခဲ့ပြီး ကုန်သွယ်လုပ်ငန်းခွန်နဲ့ ဝင်ငွေခွန်အရ ကျပ် ၁၂.၆ ဘီလီယံ အခွန်ပေးသွင်းခဲ့တယ်လို့ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ Justice For Myanmar က ပြောပါတယ်။
 
“ Heineken၊ Carlsberg နဲ့ Thai Bev တို့က မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူအပြစ်ပေးခံရခြင်း အလျဉ်းမရှိဘဲ ကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်း မြန်မာစစ်အုပ်စုထံ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာနဲ့ညီမျှတဲ့ နှစ်စဉ်အခွန်ငွေတွေ ပေးသွင်းလျက်ရှိပါတယ် ” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင် က ပြောပါတယ်။
 
ပြည်တွင်းမှာလုပ်ကိုင်နေတဲ့ အဲဒီလုပ်ငန်းစုကြီးတွေက အခွန်ငွေတွေဟာ ပြည်သူတွေကို တိုက်ခိုက်ရာမှာ လိုအပ်တဲ့ ဗုံးတွေ၊ ကျည်ဆံတွေနဲ့‌ လေယာဉ်ဆီတွေအတွက် ငွေကြေးကူညီပေးနေတာဖြစ်တယ်လို့လည်း သူက ဝေဖန်ပါတယ်။
 
အဲဒီနိုင်ငံခြားယမကာကုမ္ပဏီကြီးတွေဟာ ကွယ်လွန်သွားပြီးဖြစ်တဲ့ ဦးသိန်းထွန်းရဲ့ မိသားစုနဲ့ ဖက်စပ်ဆောင်ရွက်နေပြီး ဦးသိန်းထွန်းရဲ့ သားဖြစ်သူ ဦးသန့်ဇင်ထွန်းက Myanmar Golden Star Group ကို ထိန်းချုပ်ကာ Carlsberg နဲ့ ဘီယာထုတ်လုပ်သလို LOTTE Corporation ရဲ့ လက်ခွဲကုမ္ပဏီတခုနဲ့ အချိုရည်ထုတ်တယ်လို့ ဖော်ပြထားပါတယ်။
 
ဦးသိန်းထွန်းရဲ့ သမီးဖြစ်သူ မာမာထွန်းနဲ့ သားမက် အောင်မိုးကျော်တို့ဟာ Heineken နဲ့ Thai Beverage (ThaiBev) ဖက်စပ် အရက်ဘီယာ လုပ်ကိုင်နေပြီး ThaiBev ဟာ Grand Royal Group ကို ပိုင်ဆိုင်ပါတယ်။
 
ဘီယာနဲ့ အရက်သေစာအမျိုးမျိုးဟာ အထူးကုန်စည်ခွန်တွေ ဖြစ်နေတာကြောင့် ပြည်တွင်းက Heineken၊ Carlsberg နဲ့ ThaiBev တို့ရဲ့ အခွန်ငွေ ဒေါ်လာသန်းချီကို စစ်အုပ်စုက ရရှိနေဆဲဖြစ်ပြီး အဲဒီလုပ်ငန်းစုကြီးတွေအနေနဲ့ စစ်အုပ်စုထံ ငွေပေးချေမှုတွေကို ရပ်တန့်သင့်တယ်လို့လည်း Justice For Myanmar က တောင်းဆို ထားပါတယ်။
 
Justice For Myanmar က ထုတ်ပြန်တဲ့ ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ DNA အနေနဲ့ အဲ့ဒီလုပ်ငန်းစုတွေနဲ့ စစ်ကောင်စီတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်းတော့ မရှိသေးပါဘူး။
Grand Royal Group ကုမ္ပဏီဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်တွေ ထိပ်တန်းအခွန်ထမ်း ကုမ္ပဏီစာရင်းတွေမှာ နှစ်စဉ်ပါဝင်ခဲ့ပါတယ်။
ဓာတ်ပုံ – Justice For Myanmar