ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းမရှိလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီတပ်ဖွဲ့ဝင်တွေ ဆေးကုသရေး အခက်တွေ့နေv

ဧပြီ၊ ၂၀
 
အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတာ နှစ်နှစ်ကျော်လာချိန်အထိ ကျန်းမာရေးကျွမ်းကျင်သူ မရှိတာကြောင့် တပ်ဖွဲ့ဝင်တွေ ဆေးကုသရေး အခက်အခဲတွေကြုံနေရတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (CDF-မတူပီ) တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
“ ကျွန်တော်တို့ ရဲဘော်တွေ ဆေးသင်တန်းတွေတက်ပြီး ဆောင်ရွက်ရပါတယ်၊ မတူပီက ကျန်းမာရေးအဖွဲ့ ကလည်း ပြည်သူ့ကျန်းမာရေးကို ဆောင်ရွက်နေရတဲ့အခါမှာ CDF မတူပီရဲဘော်တွေအတွက်ဆိုတာ လုံးဝကို မရှိ ဖြစ်နေတာပါ၊ ရှိတဲ့ ဆရာမတွေနဲ့ပဲ မရမက ကုရတယ် ” လို့ သူကပြောပါတယ်။
 
မကြာမီ မိုးရာသီရောက်တော့မှာဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းမရှိရင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အခက်ပိုတွေ့နိုင်တယ်လို့လည်း ဆိုပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် လက်ရှိမှာ ဆေးပညာနဲ့ တော်လှန်ရေးမှာပါဝင်လိုတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကြိုဆိုဖိတ်ခေါ်တယ်လို့ CDF-မတူပီ က ထုတ်ပြန်ထားပါတယ်။
 
“ ဖျားတဲ့ လူနာတွေ ရှိရင်လည်း လေး၊ ငါးရက်လောက် စောင့်ပြီးတော့ ကျန်းမာရေး (ကုသမှု) ခံယူရတာပေါ့လေ၊ မတူပီ ကျန်းမာရေး (အဖွဲ့)က မအားတဲ့အခါမှာ စောင့်ရတာပေါ့ ” လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ တာဝန်ရှိသူက ပြောပါတယ်။
 
ပူးပေါင်းလိုတဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ CDF-မတူပီ ဌာနချုပ်မှာ အချိန်ပြည့်တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး မိသားစုရှိရင် စားဝတ်နေရေး တာဝန်ယူပေးမှာဖြစ်သလို ပြည်တွင်း၊ ပြည်ပက လာရောက်ရမယ့်သူတွေကို ခရီးစရိတ်တာဝန်ယူပေးမယ်လို့လည်း အဲဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ပြီးခဲ့တဲ့ လတွေက မတူပီဒေသတွင်းမှာ စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ပြင်းထန်ခဲ့ပြီး တိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမရသလို ဖျားနာမှုဖြစ်သူတွေလည်း အလားတူအခက်အခဲဖြစ်နေကြတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ တာဝန်ရှိသူက ပြောပါတယ်။
 
လက်ရှိမတူပီမြို့နယ်၊ ပြည်သူ့ကျန်းမာရေးအဖွဲ့ဟာ မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူတွေကို ဝန်ထမ်းအင်အား အနည်းငယ်နဲ့ ကျန်းမာရေးဝန်ဆောင်မှု ပေးနေရတဲ့အတွက် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်အောင် မပေးနိုင်ဖြစ်နေတယ်လို့ သိရပါတယ်။ 
ဓာတ်ပုံ – CDF – Matupi