ပုသိမ်ကြီးမှာ ယူနီဖောင်းနဲ့ ဈေးဝယ်ထွက်လာတဲ့ စစ်သားတွေပစ်ခတ်ခံရပြီးတဦးသေ

ဧပြီ၊ ၂၀
 
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-မတ္တရာ ကားလမ်းမပေါ်ရှိ မြကန်သာရွာဈေးထဲ ယူနီဖောင်းနဲ့ ဈေးထွက်ဝယ်တဲ့ စစ်အုပ်စု ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိတယ်လို့ ပစ်ခတ်မှုကိုလုပ်ဆောင်ခဲ့တဲ့ နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့) မှ ဗိုလ်နတ်ဆိုးက ပြောပါတယ်။
 
အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်ကို နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့) ကထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းအတွင်း စစ်ကောင်စီတပ်သားတွေကို လိုက်ထရပ်ကားပေါ်ကနေ ပစ်ခတ်ခဲ့သူတွေဟာ သင်္ကန်းဝတ်ထားသူတွေဖြစ်နေတာ တွေ့ရပါတယ်။
 
“ ဟုတ်တယ်ဗျ၊ နေရာဒေသအခြေနေကြောင့်ပါဗျ၊ နယ်မြေအခြေနေအနေအရ ပစ်ခတ်ရာမှာ သင်္ကန်းဝတ်ဆင် အသုံးပြုခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ တခြားနည်းလမ်းပေါင်းများစွာ အသုံးပြုပြီး တိုက်ခိုက်ဖို့ကြိုးစားရာမှာ အဆင်မပြေခဲ့လို့ အကြိမ်ကြိမ်ပြန်လည်ဆုတ်ခွာခဲ့ရပါတယ် ” လို့ သင်္ကန်းတွေဝတ်ဆင်ပြီး ပစ်ခတ်ခဲ့တာနဲ့ပတ်သက်လို့ ဗိုလ်နတ်ဆိုးက အွန်လိုင်းကတဆင့် DNA ကိုပြောပါတယ်။
 
ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ မြကန်သာဈေးမှာ ယူနီဖောင်းတွေနဲ့ ဈေးထွက်ဝယ်တဲ့ စစ်ကောင်စီတပ်သားတွေကို အဲဒီအဖွဲ့က လိုက်ထရပ်အိမ်စီးကားပေါ်ကနေ ပစ်ခတ်ခဲ့တာပါ။
 
“ အခုပစ်ခတ်တဲ့ နေရာနဲ့ စကစ တပ်စွဲအထိုင်ချ အုပ်ချုပ်ရေးမှူးရုံးနဲ့ ကပ်လျက်ဖြစ်နေတာကတကြောင်း၊ နောက် မန္တလေး-မတ္တရာလမ်းမကြီးနဲ့ ကပ်လျက်လည်းဖြစ်၊ ထီးတော်မိုး စုဆောင်းရေးတပ်နဲ့လည်း အနီးကပ်ဆုံးဖြစ်နေတဲ့အတွက် ရန်သူကို ထိထိရောက်ရောက်တိုက်ခိုက်နိုင်ဖို့နဲ့ ရဲဘော်တွေလုံခြုံဖို့၊ နောက်ပြည်သူများအထိအခိုက်မရှိဖို့ကို အဓိကထား တိုက်ခိုက်ရတာဖြစ်တယ် ” လို့ ဗိုလ်နတ်ဆိုးက ပြောပါတယ်။
 
ပစ်ခတ်ခံရတဲ့ စစ်သားတွေဟာ မြကန်သာကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ အစောင့်ကျနေတဲ့ တပ်သားတွေဖြစ်ပြီး တဦးသေဆုံးကာ တဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
 
အဲဒီပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ တပွင့်နဲ့ ဗိုလ်တဦးဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောနေပေမယ့် DNA က သီးခြားအတည်ပြုလို့ မရသေးပါဘူး။
 
” မြကန်သာကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စကစ အင်အား ၂၂ ဦးအနက် သုံးဦး စျေးဝယ်ထွက်လာချိန်မှာ ကျွန်တော်တို့ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ တပွင့်ဗိုလ်တဦး နေရာမှာတင်သုတ်သင်နိုင်ခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိသွားတယ်။ တဦးက အသက်လုနေရပြီး နောက်တဦးမှာ ခြေထောက်ဒဏ်ရာနဲ့ လွတ်မြောက်သွားတယ် ” လို့ ဗိုလ်နတ်ဆိုးက ပြောပါတယ်။
 
ပစ်ခတ်မှုဖြစ်စဉ်အတွင်းမှာ စစ်အုပ်စုက ပြည်သူတွေရဲ့ ဈေးဆိုင်ခန်းတွေကို အကာအကွယ်ယူပြီး ပြန်လည်ပစ်ခတ်ခဲ့လို့ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိဘူးလို့ သူကဆိုပါတယ်။
 
စစ်အုပ်စုက အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ သံဃာတော်တွေ ပါဝင်နေသလို ခေတ်အဆက်ဆက် နိုင်ငံရေးလှုပ်ရှားမှုတွေလည်း သံဃာတော်တွေ ပါဝင်ခဲ့ကြတာရှိပေမယ့် အခုလို သင်္ကန်းဝတ်ဆင်ပြီး လက်နက်ကိုင် စစ်ဆင်ရေးလုပ်တဲ့အပေါ် တော်လှန်ရေးအဖွဲ့တွေက ဝေဖန်မှုအချို့လည်း ရှိပါတယ်။
 
” အဲလောက်ကြီးအထိလုပ်တာတော့ မကောင်းဘူးလို့တော့ ထင်တယ်ဗျ။ ဘာသာရေးကြီးကို ခုတုန်းလုပ်တာမျိုးကတော့ မဖြစ်သင့်ဘူးထင်တယ်၊ အဲဒီ‌ေ-ွး တွေ မသတ်လိုက်ရလို့လည်း ဘာမှမဖြစ်ဘူးထင်တယ်။ မင်းအောင်လှိုင်ဆိုရင်တော့ တမျိုးပေါ့ဗျ၊ ဒါမျိုးလုပ်သင့်ရင်လုပ်မှာပေါ့၊ မလုပ်သင့်ဘူး ထင်တယ်။ သူတို့ (စစ်အုပ်စု)ဘက်က ဘုန်းကြီးတွေ ဒီ(တော်လှန်ရေး)ကြားထဲ ပါနေတာတောင် ကျွန်တော်တို့မှာ ဒုက္ခတွေရောက်လှပြီ၊ ကိုယ်တွေကလည်း အဲလိုအယောင်ဆောင်တာ မကြိုက်ဘူးဗျ။ မလုပ်သင့်ဘူးတော့ ထင်တယ်၊ ဘာသာရေး ခုတုန်းလုပ်ပြီး စစ်ရေးအားသာမှုကလည်း သိပ်မရှိဘူး။ နောက်နောင် သံဃာထုတွေ အခက်အခဲတွေဖြစ်လာနိုင်တယ် ” လို့ စစ်ကိုင်းနယ်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးရဲဘော်တဦးက သုံးသပ်ပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်နဲ့ အာဏာသိမ်းမှုမလိုလားတဲ့ သံဃာတော်တချို့ လူဝတ်လဲပြီး လက်နက်ကိုင်တော်လှန်းရေးမှာ ပါဝင်တိုက်ခိုက်နေကြတာတွေရှိသလို ဒီကနေ့အထိ လက်နက်မဲ့ ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်လုပ်နေတဲ့ သံဃာတော်တွေလည်း ရှိပါတယ်။
 
တဘက်မှာလည်း စစ်အုပ်စုလိုလာတဲ့ သံဃာတွေက စစ်ကောင်စီရဲ့ စစ်သင်တန်းတွေမှာ ပါဝင်တက်ရောက်ပြီး လက်နက်ငယ်ပစ်ခတ်နည်း သင်ကြားကြတာတွေရှိသလို စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ်က ဦးဝါသဝလို ဒေသတွင်း ပျူစောထီးခေါင်းဆောင်တဦးအဖြစ်ပါ သတ်မှတ်ခံထားရတဲ့ သံဃာတွေလည်း ရှိနေပြန်ပါတယ်။
 
ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သင်္ကန်းဝတ်၊ အယောင်ဆောင်ကာ ထောက်လှမ်းသတင်းဝင်ယူတာတွေနဲ့ မိုင်းထောင်ထားတဲ့ နေရာတွေကို မှတ်တမ်းရယူတဲ့ ဖြစ်ရပ်မျိုးတွေရှိပြီး အဲ့ဒီလို အယောင်ဆောင်တချို့ကို တော်လှန်ရေးအင်အားစုတွေက ဖမ်းမိခဲ့ဖူးပါတယ်။
 
နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့ဟာ မန္တလေးတိုင်း မတ္တရာနယ်မှာ အခြေစိုက်ကာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပြီး အဲ့ဒီအဖွဲ့ကို ၂၀၂၂ ခုနှစ် ဧပြီ ၁၁ ရက်မှာ စတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ပေးကွပ်ကွဲမှုစနစ်အောက်မှာ မရှိပေမယ့် NUG ရဲ့ မူတွေအတိုင်း ရပ်တည်နေတာဖြစ်တယ်လို့ အဲ့ဒီအဖွဲ့က အဖွဲ့တည်ထောင်ခြင်းတနှစ်ပြည့်တဲ့ အခုလ (၁၁)ရက်က ထုတ်ပြန်ထားပါသေးတယ်။
 
အဖွဲ့တည်ထောင်ပြီးနောက် တနှစ်အတွင်း ရာထူးအဆင့်ဆင့်ရှိတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲ တရာဝန်းကျင်အထိ ရှင်းလင်းနိုင်ခဲ့တယ်လို့လည်း နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့က ဆိုပါတယ်။
ဓာတ်ပုံ – Social Media