ထိုင်းမှာ မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးမယ့်စည်းကမ်း စစ်ကောင်စီတင်းကျပ်

ဧပြီ၊ ၂၀

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ကောင်စစ်ဝန်ရုံးက မြန်မာနိုင်ငံကူးလက်မှတ်တွေဖြစ်တဲ့ အလည်အပတ်ပတ်စ်ပို့နဲ့ ပညားရေးပတ်စ်ပို့ကိုင်ထားသူတွေဟာ သက်တမ်းတိုးပါက မြန်မာနိုင်ငံအတွင်းမှ ရဲစခန်း၊ ရပ်ကွက်ရုံးနဲ့ ပြန်တမ်းဝင်အရာရှိအပါအဝင် ထောက်ခံစာ (၆)မျိုးပါရှိရမယ်ဖြစ်ပြီး ၆ လကြိုတင် လျှောက်ရမယ်လို့ သိရပါတယ်။ 

ဧပြီလ ၁၇ ရက်စွဲနဲ့ ထုတ်ပြန်လာတဲ့ အဲဒီစာမှာ သက်တမ်းတိုးချင်သူတွေအနေနဲ့ ထောက်ခံစာ ၆ ချက် ပါဝင်ရမှာဖြစ်သလို အဲဒီညွှန်ကြားတောင်းဆိုမှုက ကြာနေပြီးဖြစ်ကာ အခုမှ တရာဝင်းထုတ်ပြန်တာဖြစ်တယ်လို့ ချင်းမိုင်ကောင်စစ်ဝန်ရုံးနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။ 

“ဒီထဲမှာ အဲလိုနေထိုင်တဲ့ သူတွေ လိုတယ်။ တောင်းတာတော့ ကြာပြီ။ အခုမှ တရားဝင် စာထုတ်ပြန်လိုက်တာပါ။ ကျောင်းသားတွေကိုလည်း သူတို့ စာအုပ်တွေ လာထုတ်ခါနီးဆိုရင်လည်း အဲဒါတွေ တောင်းတယ်ပေါ့နော်”လို့ သူက ပြောပါတယ်။ 

အလည်အပတ်ပတ်စ်ပို့ (Passport for Visit- PV) နဲ့ ပညာရေးပတ်စ်ပို့(Passport for Education – PE) ကိုင်ဆောင်ထားတဲ့ ပြည်ပရောက်မြန်မာတွေဟာ သက်တမ်းတိုးချင်ပါက မြန်မာနိုင်ငံအတွင်းမှ မိမိနေထိုင်တဲ့ ဒေသက ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ရုံးထောက်ခံစာနဲ့ ပြန်တမ်းဝင်အရာရှိတဦးထောက်ခံစာ (အရာရှိ၏ ဝန်ထမ်းကဒ်ပူတွဲးပါရှိရမယ်) တွေ ပါဝင်ရမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါ့အပြင် မိဘနှစ်ပါးထောက်ခံချက် (မှတ်ပုံတင်ပူးတွဲပါရှိရမယ်)၊ ကာယကံရှင်ရဲ့ ပြည်ပရောက်နေချိန် ဆောင်ရွက်မှု အသေးစိတ် ကိုယ်ရေးစာနဲ့ ကျောင်းတက်ရောက်နေပါက ကျောင်းနဲ့ပတ်သက်တဲ့ အထောက်အထားတွေလည်း တင်ပြရမယ်လို့ သိရပါတယ်။ 

အဲဒီထောက်ခံစာတွေနဲ့ လျှောက်လာတဲ့ ပတ််စ်ပို့သက်တမ်းတိုးမှုကို ချင်းမိုင်ကောင်စစ်ဝန်ရုံးက စိစစ်ပြီး သက်ဆိုင်ရာသို့ ဆက်လက်တင်ပြရမှာဖြစ်လို့ ခွင့်ပြုချက် ရရှိဖို့ ကြာမြင့်နိုင်တဲ့အတွက် ပတ်စ်ပို့သက်တမ်း ၆ လက် ဝန်ကျင်းကျန်ရှိဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ပါတယ်။ 

“နိုင်ငံရေးလုပ်နေတဲ့ ပြည်ပရောက်မြန်မာတွေရယ်၊ မြန်မာနိုင်ငံကနေ ထွက်ပြေးလာရတဲ့ သူတွေကို ဒုက္ခပေးချင်လို့ အဲဒီအချက်တွေ တောင်းဆိုတာ ထင်တယ်။ ကျမတို့က ဘယ်လိုလုပ်ပြီး ရပ်ကွက်၊ ရဲစခန်း ထောက်ခံစာတွေ တောင်းလို့ရမှာလဲ။ လေယာဉ်တောင် ဘုရားတစီးပြီး ထွက်လာရတာ။ အဲဒီမှာတောင်းတဲ့ အချက်တွေ ရဖို့ဆိုရင်လည်း အဲဒီရုံးတွေနဲ့ လူတွေကို ပိုက်ဆံကလည်း ပေးရဦးမယ်” လို့ ထိုင်းနိုင်ငံမှာ အလည်ဗီဇာနဲ့ ရောက်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။ 

ဗီဇာသက်တမ်း ကုန်ဆုံးချိန် နီးကပ်မှ ကောင်စစ်ဝန်ရုံးကို အမြန်ဆောင်ရွက်ပေးဖို့ တောင်းဆိုပါကလည်း ဆောင်ရွက်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

အထက်ပါ ညွန်ကြားချက်တွေဟာ အလုပ်အကိုင်ပတ်စ်ပို့နဲ့ လာရောက်တဲ့ သူတွေ အကြုံးမဝင်တဲ့အတွက် ၎င်းတို့အနေနဲ့ အဲဒီအချက်တွေကို တင်ပြစရာမလိုအပ်ဘူးလို့ သိရပါတယ်။ 

ထိုင်းနိုင်ငံမှာ မကြာမီ ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ အစိုးရအပြောင်းအလဲတွေကြောင့် ပန်းရောင်ကတ်လျှောက်ထားဖို့ လတ်တလောမှာ ခွင့်ပြုမှာ မဟုတ်သေးတဲ့အတွက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းတွေ ဂရုတစိုက် သွားလာကြဖို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတွေက သတိပေးထားပါတယ်။

ပတ်စ်ပို့သက်တမ်းတိုးလိုသူရဲ့မိဘထောက်ခံချက်ကိုသာမကအဲ့ဒီမှာနိုင်ငံရေးကင်းရှင်းကြောင်းပါထည့်ရေးခိုင်းတယ်လို့ ပြီးခဲ့တဲ့လပိုင်းကသက်တမ်းတိုးခဲ့သူတဦးကို ကိုးကားပြီး ဘီဘီစီမြန်မာပိုင်းကရေးထားပါတယ်။

ပြီးခဲ့တဲ့၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ၁ရက်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံက ထောင်နဲ့ချီတဲ့နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းမီဒီယာသမားတွေဟာ ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးခဲ့ကြပါတယ်။