ဒေါ်အောင်ဆန်းကြည်ကိုချမှတ်ထားတဲ့ပြစ်ဒဏ်တွေအပေါ် အယူခံတမှုနဲ့ ပြင်ဆင်မှုနှစ်မှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကလက်ခံ

ဧပြီ၊ ၂၀

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေက ပြစ်ဒဏ်ချမှတ်ထားတဲ့အပေါ်အယူခံမှုတက်ထားတဲ့အမှု တမှုနဲ့ ပြင်ဆင်မှုတက်ထားတဲ့ နှစ်မှုကို ပြည်ထောင်စုတရားလွှတ်တော်ချူပ်ကလက်ခံလိုက်တယ်လို့ တရားရေးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မနေ့က ဧပြီလ ၁၉ ရက် မှာ  အဲဒီအမှုသုံးမှုအတွက် လက်ခံ ကြားနာပြီး နောက် အမှုတွေကို နှစ်ဘက်လျှောက်လဲချက်ပေးဖို့ လက်ခံလိုက်တာပါ။

“အမှုတွေကို လက်ခံလိုက်တယ်ဆိုရင် တရားလိုနဲ့ စွပ်စွဲခံရသူနှစ်ဘက် အပြန်အလှန် လျှောက်လဲချက်တွေပေးရမှာပေါ့၊ဘယ်နေ့ပေးရမယ်ဆိုတာတော့ ရုံးကပြန်ရက်သတ်မှတ်ပေးမှာပေါ့၊ဒါကလုပ်နေကျအတိုင်းပါပဲ ” လို့ တရားရေးနဲ့ နီးစပ်သူတဦးကပြောပါတယ်။

NLD အစိုးရလက်ထက် ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူမှုအပေါ် အဂတိမှုနဲ့ပြစ်ဒဏ်ချမှတ်ထားတဲ့အပေါ် အယူခံ တက်တဲ့အမှု၊ရွေးကောက်ပွဲ မသမာမှုစွပ်စွဲချက် ရာဇသတ်ကြီးပုဒ်မ- ၁၃၀ (က) အမှုနဲ့  မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေပုဒ်မ – ၃ (၁) (ဂ) အရ ပြစ်ဒဏ်ချမှတ်ထားတဲ့အပေါ် ပြင်ဆင်မှု တင်သွင်းတာတွေကို တရားလွှတ် တော်ချုပ်ကလိုက်ခံလိုက်တာပါ။

“ခရိုင်ရုံးကအမှုတွေကို တရားလွှတ်တော်ချူပ်ကိုတက်တာ တိုင်းလွှတ်တော်မှာ အဆင်မပြေလို့ကြားတယ်၊အဲဒါ့ကျတော့ ပြင်ဆင်မှုတွေဖြစ်မယ်၊ခရိုင်ကနေ တိုင်းဆိုရင်အယူခံက တခါပဲတက်ရတယ်၊အယူခံပြီးရင် ပြင်ဆင်မှုပဲ အဲဒါ့တွေကို လက်ခံရေးပေးပြီးတော့ လက်ခံလိုက်တဲ့သဘောနေမှာပါ ” လို့ ဝါရင့်တရားလွှတ်တော် ရှေ့နေတဦးက သုံးသပ်ပါတယ်။

အဲဒီအမှုတွေအတွက် စစ်အုပ်စုတရားရုံးက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ထောင်ဒဏ်ငါးနှစ်စီချမှတ်ထားတာပါ။

စစ်တပ်က အာဏသိမ်းပြီးနောက် အသက် ၇၈နှစ်ရှိပြီတဲ့ ဒေါ်‌အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး အဲဒီအမှုတွေအတွက် ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်အထိ ချမှတ်ထားတာပါ။

စစ်ကောင်စီတရားရုံးက အမှုတွေအပေါ် ပြစ်ဒဏ်တွေချမှတ်ခဲ့ပြီးနောက် အဲ့ဒီပြစ်ဒဏ်တွေအားလုံးကို ဒေါ်အောင် ဆန်းစုကြည်ဘက်က အယူခံတွေဆက်တင်ခဲ့တာပါ။

စစ်ကောင်စီတရားရုံးကဒေါ်အောင်ဆန်းစုကြည်အပေါ် ကနဦးအမိန့်ချထားတဲ့သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေနဲ့နိုင်ငံတော်အကြည်ညိုပျက်စေမှုစတဲ့ အမှု ခြောက်မှုအတွက်လည်းအထူးအယူခံတက်ဖို့ ပြင်ဆင်နေတယ်လို့သိရပါ တယ်။

 ဒါပေမယ့် ရှေ့နေအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့်မရသေးတာကြောင့် ရှေ့နေကိုယ်စား လှယ်လွှဲ စာယူဖို့ကြန့်ကြာနေတယ်လို့ တရားရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

” ဒေါ်စုနဲ့တွေ့ဖို့ဆိုပြီးသူရှေ့နေအဖွဲ့တောင်းနေတာ မရသေးဘူးလို့ ကြားတာပေါ့၊အမှုခြောက်မှုအတွက် အထူးအယူခံတက်ဖို့လုပ်နေကြတာပေါ့၊ ရှေ့နေနဲ့ မတွေ့ရတော့ အယူခံရက်တွေ ကျော်သွားမှာကိုတော့ စိတ်ပူရတယ်၊သူကသာမန်အားဖြင့် ရက်ပေါင်း ၉၀အတွင်း အယူခံတွေတက်ရမှာပေါ့ ” လို့ ဝါရင့်တရားလွှတ်တော် ရှေ့နေတဦးက သုံးသပ်ပါတယ်။

 စစ်ကောင်စီက အကျဉ်းသားသုံးထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ ပြီးခဲ့တဲ့ မြန်မာ နှစ်ဆန်းတရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြန်ထားလိုက်ပြီလို့ သတင်းတွေကျယ်ကျယ် ပြန့်ပြန့်ထွက်ခဲ့ သေးပေမယ့် နေပြည်တော်အချုပ်ထောင်တွင်းမှာသာ ဆက်ရှိနေကြောင်း စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ်က အတည်ပြုထားပါတယ်။