ဧပြီ၊ ၂၀
ယူကရိန်းကို စစ်လက်နက်တွေ တိုက်ရိုက် ပေးပို့ ထောက်ပံ့တာမျိုး မလုပ်ဖို့ ရုရှားက တောင်ကိုရီးယားကို ဦးတည်ပြီး ခြိမ်းခြောက်မှုဆန်ဆန် သတိပေးခဲ့ပါတယ်။
အမေရိကန်ရဲ့ အရေးအပါဆုံး အာရှ မဟာမိတ် နိုင်ငံတခုဖြစ်တဲ့ တောင်ကိုရီးယားဟာ ရုရှား-ယူကရိန်း စစ်ပွဲ စတင်ချိန် ကတည်းက ယူကရိန်းကို စစ်လက်နက် မဟုတ်တဲ့ အကူအညီတွေ ပေးပို့နေပေမယ့် စစ်ရေးအရ ထဲထဲဝင်ဝင် ထောက်ပံ့တာမျိုး မရှိသေးပါဘူး။
မကြာသေးခင်ကတော့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုက နိုင်ငံတကာ အသိုက်အဝန်းဆီကနေ မငြင်းဆန်သာလောက်အောင် အကြောင်းတရား ခိုင်မာတဲ့ ပန်ကြားတောင်းဆိုမှုတွေ ရှိလာရင်၊ နောက်ပြီး ယူကရိန်း ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တိုက်ခိုက်တာမျိုးတွေ ဖြစ်လာရင်တော့ တောင်ကိုရီးယားဟာ လူသားချင်း စာနာမှု၊ ဒါမှမဟုတ် ငွေကြေးအရ ထောက်ပံ့မှုတွေနဲ့တင် လုံလောက်နေပြီ ဆိုတာမျိုး လိပ်ပြာသန့်သန့် ယူဆဖို့ ခက်လိမ့်မယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားက ယူကရိန်းကို စစ်လက်နက်တွေပါ ထောက်ပံ့လာမယ် ဆိုရင်တော့ ဒါဟာ စစ်ပွဲမှာ သွယ်ဝိုက်ပြီး ပါဝင်လာပြီလို့ ယူဆရမယ့် အခြေအနေ ဖြစ်တယ်လို့ ရုရှားအစိုးရရဲ့ ကရင်မလင် နန်းတော်က ဧပြီ ၁၉ ရက်မှာ တုံ့ပြန် သတိပေးခဲ့ပါတယ်။
ကံအကြောင်းမလှစွာနဲ့ပဲ တောင်ကိုရီးယားဟာ မိတ်ဖြစ်ဆွေဖြစ် မဆန်လှတဲ့ ခြေလှမ်းတခုဆီ ဦးတည်နေတယ်လို့ ခံစားမိကြောင်း ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ဆိုပါတယ်။
တချိန်တည်းမှာပဲ တကယ်လို့သာ တောင်ကိုရီးယားက ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးရင် ရုရှားကလည်း မြောက်ကိုရီးယားကို လက်နက်တပ်ဆင်ပေးဖို့ စဉ်းစားရမယ်ဆိုတဲ့ သဘောမျိုး ကရင်မလင်ဖက်က သတိပေးသွားပါတယ်။
နိုင်ငံတကာရေးရာ လေ့လာသူတွေကတော့ ရုရှားဟာ စစ်ပွဲမှာ လက်နက်တွေ ပြုန်းတီး ဆုံးရှုံးမှု များလွန်းတာကြောင့် မြောက်ကိုရီးယားကို လက်နက် တပ်ဆင်ပေးဖို့ ဆိုတာထက် လောလောဆယ်မှာ မြောက်ကိုရီးယားဆီက စစ်လက်နက်တွေ ပြန်လည် ဖြည့်တင်း ဝယ်ယူဖို့တောင် ချဉ်းကပ် ကြိုးစားနေကြောင်း မှတ်ချက် ပေးထားပါတယ်။