ရီးရဲလ်နဲ့ စီးတီး၊ မီလန်နှစ်သင်း ယှဉ်ပြိုင်ကြရမယ့် ချန်ပီယံလိဂ် အကြိုဗိုလ်လု ပွဲစဉ်များ

ဧပြီ၊ ၂၀

ပထမအကျော့မှာ အသီးသီး အသာစီး ရထားတဲ့ ရလဒ်တွေကြောင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ သရေရလဒ်တွေ ထွက်ပေါ်ခဲ့တဲ့တိုင် မန်ချက်စတာစီးတီးနဲ့ အင်တာမီလန် အသင်းတွေဟာ အကြိုဗိုလ်လုပွဲ အဆင့်ကို သက်တောင့်သက်သာ တက်ရောက်ခဲ့ကြပါတယ်။

 ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ စီးတီးဟာ ပထမအကျော့မှာ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်ကို ၃-၀ နဲ့ ပြတ်ပြတ်သားသား အနိုင်ယူထားတာကြောင့် ဒုတိယအကျော့ ဂျာမန်မြေမှာ ၁ ဂိုးစီ သရေရအောင် ထိန်းကစားပြီး အကြိုဗိုလ်လုပွဲကို ရောက်ရှိလာပါတယ်။ ဒီပွဲဟာ အိမ်ရှင် ဘိုင်ယန်အတွက် ပိုပြီး ဖိအားများခဲ့သလို စီးတီးဖက်ကို ဂိုးတွေ သွင်းယူနိုင်ဖို့ အစောပိုင်းကတည်းက အားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ပထမပိုင်းမှာ စီးတီး တိုက်စစ်မှူး အာလင်ဟာလန်း ပင်နယ်တီ ရခဲ့ပေမယ့် ဂိုးဘားတန်းပေါ် ကျော်သွားအောင် ကန်မိပြီး ဂိုးမရခဲ့ပါဘူး။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ဟာလန်းက ဦးဆောင်ဂိုး သွင်းပေးပြီး ဘိုင်ယန်ရဲ့ အိပ်မက်တွေကို အဆုံးသတ်ပေးခဲ့ပါတယ်။ ဘိုင်ယန်အတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲပြီးခါနီးမှာ ကွင်းလယ်လူ ဂျိုရှူအာ ကီမစ်ချ်က ပင်နယ်တီကနေ ကန်သွင်းခဲ့ပါတယ်။ အခုပွဲမှာ ဘိုင်ယန် အသင်းရဲ့ မန်နေဂျာသစ် သောမတ်စ် တူဟဲလ်ဟာလည်း ဒိုင်ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် စောဒက တက်ရာက အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရပါတယ်။

 တခြားပွဲစဉ်မှာတော့ အီတလီ ထိပ်သီးကလပ် အင်တာမီလန်က ပေါ်တူဂီ နာမည်ကျော် ကလပ်အသင်း ဘင်ဖီကာကို အိမ်ကွင်းမှာ ၃ ဂိုးစီ သရေကစားပြီး နောက်တဆင့် တက်ခဲ့ပါတယ်။ အင်တာက ပေါ်တူဂီမြေမှာ ကစားတဲ့ ပထမအကျော့မှာ ၂-၀ နဲ့ နိုင်ထားတာကြောင့် နှစ်ကျော့ပေါင်း ၅-၃ ဆိုတဲ့ ရလဒ်နဲ့ နောက်တဆင့် တက်နိုင်ခဲ့တဲ့တိုင် အိမ်ကွင်း ဆန်စီရိုမှာ ပြိုင်ဘက်ရဲ့ အံ့မခန်း ဖိအားပေးမှုတွေကြောင့် နောက်ဆုံးမိနစ်ပိုင်းတွေမှာ ရုန်းကန်ခဲ့ရပါသေးတယ်။ အင်တာဟာ ဘာရဲရာ၊ မာတီနက်ဇ်၊ ကော်ရီရာတို့ရဲ့ သွင်းဂိုးတွေကြောင့် ပွဲပြီးခါနီး ၅ မိနစ်လောက် အလိုထိ ၃-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်း မိနစ်တွေမှာ ဘင်ဖီကာက ချေပဂိုးတွေ ဆက်တိုက် ပြန်သွင်းခဲ့တာကြောင့် လက်ထဲက အရေးသာမှု ဆုံးရှုံးမသွားအောင် သတိကြီးကြီးနဲ့ ပြန်ထိန်းချုပ်ခဲ့ရပါတယ်။

 ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲစဉ်တွေမှာတော့ ချန်ပီယံဟောင်း ၃ သင်းနဲ့ ချန်ပီယံဆု လုံးဝ မရသေးတဲ့ ၁ သင်းတို့ တက်ရောက်လာပြီး အီတလီ ၁ သင်းက သေချာပေါက် ဗိုလ်လုပွဲ ရောက်မှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ရဲ့ အောင်မြင်မှု အကြီးဆုံးဖြစ်တဲ့ စပိန်ကလပ် ရီးရဲလ် မက်ဒရစ်ဟာ ချန်ပီယံဆု မရဖူးသေးတဲ့ စီးတီးနဲ့ ရင်ဆိုင်မှာဖြစ်ပြီး တဖက်မှာတော့ အီတလီက မီလန် မြို့ခံ ပြိုင်ဘက် နှစ်သင်းဖြစ်တဲ့ အေစီမီလန်နဲ့ အင်တာမီလန်တို့ ကစားကြမှာပါ။ အကြိုဗိုလ်လု ပွဲစဉ်တွေကို မေလ ၉ ရက်၊ ၁၀ ရက်နဲ့ မေလ ၁၆ ရက်၊ ၁၇ ရက်တွေမှာ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်သွားစေမှာ ဖြစ်ပါတယ်။