စစ်ကောင်စီက ခင်ဦးမြို့နယ်ကိုနှစ်ရက်ဆက်စစ်ကြောင်းထိုးလို့ စစ်ရှောင် ၈၀၀၀ကျော် အထိတိုးလာ

ဧပြီ၊​ ၁၉
 
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်တွေက နှစ်ရက်ဆက်စစ်ကြောင်းထိုးနေလို့ ဒေသခံစစ်ရှောင် ၈၀၀၀ ကျော်အထိ တိုးလာတယ်လို့ စစ်ရှောင်ကူညီသူတွေနဲ့ ဒေသခံတွေကပြောပါတယ်။
 
“ မနေ့ကကျတော့ စစ်ကြောင်းက အဲ့ဒီနေရာကနေ ပြန်လှည့်တဲ့အနေအထားရှိတယ်။ ဒီနေ့ကတော့ စစ်ကြောင်းထိုးတဲ့ရွာတွေ ပိုလာတယ်။ အနောက်ဘက်ခြမ်း တကြောလုံး မနက်လင်းကတည်းက စစ်ကြောင်းထိုးနေတာကြောင့် လူဦးရေက ပိုတိုးလာတာဖြစ်တယ် ” လို့ခင်ဦးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တာဝန်ခံက ပြောပါတယ်။
 
ရေဦးမြို့နယ်၊ တိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေဟာ ဧပြီလ ၁၈ ရက် မနေ့ကစပြီး ခင်ဦးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာလို့ ဒေသခံ ၃၀၀၀ နီးပါး စစ်ရှောင်ခဲ့ရပြီး ဒီကနေ့ ၈၀၀၀ ကျော်အထိ တိုးလာတာပါ။
 
ဒါ့အပြင် ဒီကနေ့ ဧပြီ ၁၉ ရက်၊ မနက် ၇ နာရီအချိန်က မြကန်ကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
 
“ သူတို့က ပိတ်မိသွားတော့ ပစ်ဖမ်းပြီး ၃ ယောက်ထိခိုက်ဒစ်ရာရ သေဆုံးတယ်။ အလောင်းတွေကတော့ ကောက်လို့မရသေးဘူး။ စစ်ကောင်စီတွေက ရွာထဲမှာပဲ ရှိသေးတယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ ကျွန်တော်မသိရသေးဘူး “ လို့ ခင်ဦးမြို့က ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။
 
လက်ရှိအချိန်မှာ အင်အား ၉၀ ဝန်းကျင်ရှိတဲ့ အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခင်ဦးမြို့နယ် အနောက်မြောက်ဘက်ခြမ်း မြကန်ကျေးရွာအတွင်းမှာပဲ ရှိနေတာဖြစ်ပြီး ဘယ်ကိုဆက်သွားမယ်ဆိုတာ မသိရသေးဘူးလို့ သူကဆိုပါတယ်။
 
စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာကြောင့် ခင်ဦးမြို့နယ်အနောက်မြောက်ခြမ်းက ကျေးရွာ ၁၂ ရွာက အရပ်သား ၈၀၀၀ ကျော်လည်း စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
 
အင်းပတ် ၊ ချမ်းသာကုန်း ၊ မြကန် ၊ ကုန်းသာ ၊ မရမ်းအင်း ၊ ညောင်ပင်ခြံ ၊ ဆည်ကြီး ၊ သဲကုန်းကြီး ၊ အောင်သာ ၊ အင်းပေါက် ၊ ဒါန်းကုန်း ၊ မုံတောတောင် စတဲ့ ၁၂ ရွာက ပြည်သူ ၈၀၀၀ ကျော်ဟာ နံနက်စာပင်မစားရသေးပဲ စစ်ဘေးရှောင်ပြီး ထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ကိုသာစစ်လင်းက ပြောပါတယ်။
 
လက်ရှိအချိန်မှာ ခင်ဦးမြို့နယ်က စစ်ရှောင်တွေဟာ စစ်ဘေးဒဏ်ကော ရာသီဥတုအပူဒဏ်ကိုပါ ခံစားနေကြရပါတယ်။
 
စစ်ကိုင်းတိုင်းမှာ ခင်ဦးမြို့နယ်အပါအဝင် မြို့နယ် ၁၄ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး စစ်အာဏာသိမ်းပြီးချိန်ကနေ စတင်ပြီး ဧပြီလ ၁၁ ရက်အချိန်ထိ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားပေါင်း ၂၇၅ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပါတယ်။
 
ဒါ့အပြင် ကျေးရွာပေါင်း ၆၈ ရွာက ပြည်သူပိုင်နေအိမ် ၄၁၇၆ လုံးကိုလည်း စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်စီးခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးရဲ့အချက်အလက်တွေအရ သိရပါတယ်။
 
မြန်မာနိုင်ငံမှာ ဒီနှစ်မတ်လ ၂၇ ရက်အထိ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒဿမ ၈ သန်းကျော်အနက် ၁ ဒဿမ ၄ သန်းကျော်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး စွန့်ခွာထွက်ပြေးရသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA ) ထုတ်ပြန်ထားပါတယ်။
 
နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံဖြစ်တဲ့ လူပေါင်း ၁၇ ဒဿမ ၆သန်းကျော်ဟာလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ လိုအပ်နေပြီး ပဋိပက္ခဖြစ်နေတဲ့ ကျေးလက်ဒေသက ဆိုးဆိုးဝါးဝါး အကူအညီလိုအပ်နေတဲ့သူပေါင်း ၄ ဒဿမ ၅ သန်းရှိတယ်လို့လည်း ဆိုပါတယ်။ 
ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး