ဧပြီ၊ ၁၉
နိုင်ငံရဲ့ ပထမဆုံး စစ်ဘက် ထောက်လှမ်းရေး ဂြိုဟ်တု တစင်း လွှတ်တင်ဖို့ အသင့်ဖြစ်နေပြီလို့ မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရပိုင် KCNA သတင်းဌာနက နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းဟာ နိုင်ငံရဲ့ ပထမဆုံး စစ်ထောက်လှမ်းရေး ဂြိုဟ်တု လွှတ်တင်ရေးကိစ္စ ဆောင်ရွက်ဖို့ သက်ဆိုင်ရာ အရာရှိတွေကို တရားဝင် ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း ဧပြီ ၁၉ ရက်မှာ ဖော်ပြသွားပါတယ်။
သူဟာ အဲဒီ မတိုင်ခင် တရက်က အမျိုးသား အာကာသ နည်းပညာ ဖွံ့ဖြိုးရေး ဌာနဆီ သွားရောက်ခဲ့ပြီး စစ်ထောက်လှမ်းရေး ဂြိုဟ်တု တည်ဆောက် ပြီးစီးနေမှုတွေကို သွားရောက် စစ်ဆေး ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဂြိုဟ်တု လွှတ်တင်ရေးကို လက်တွေ့ ဆောင်ရွက်ဖို့ ခေါင်းဆောင်ကြီးက အမိန့်ပေးခဲ့ကြောင်း KCNAက ကြေညာခဲ့ပါတယ်။
ကင်ဟာ ကမ္ဘာပတ်လမ်းထဲကို မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု တော်တော်များများ လွှတ်တင်စေဖို့ပါ ညွှန်ကြားခဲ့တယ်လို့လည်း သိရပါတယ်။ မကြာသေးခင် လပိုင်းတွေအတွင်း ကင်က တောက်လျှောက် ပွဲထုတ်လာတဲ့ သူ့ရဲ့ သမီးဖြစ်သူ ကင်ဂျူအေးလည်း အဲဒီ ခရီးစဉ်ကို လိုက်ပါခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလတုန်းက မြောက်ကိုရီးယား အစိုးရဟာ သူလျှို ဂြိုဟ်တုတစင်း ပထမဆုံးအကြိမ် လွှတ်တင်နိုင်ရေးအတွက် အရေးအကြီးဆုံးနဲ့ အပြီးသတ် နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေပြီလို့ ကြေညာခဲ့ဖူးပါတယ်။
KCNAက ဂြိုဟ်တု လွှတ်တင်ဖို့ ဆောင်ရွက်နေပြီလို့ အခိုင်အမာ ဖော်ပြသွားပေမယ့် မြောက်ကိုရီးယားရဲ့ ဒုံးပျံနဲ့ ဂြိုဟ်တု လွှတ်တင်ရေး စခန်းတွေမှာ လောလောဆယ် ချက်ချင်း ဂြိုဟ်တု လွှတ်တင်ဖို့ စီမံ ဆောင်ရွက်နေမှုမျိုးတွေ မတွေ့ရသေးဘူးလို့ ဂြိုဟ်တု ဓာတ်ပုံတွေကို ကိုးကားပြီး အမေရိကန် သုတေသီတွေက ပြောပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားဟာ ဂြိုဟ်တုတွေကို ထရပ်ကားကြီးတွေလိုမျိုး ရွေ့လျား ပစ်စင်တွေကနေ လွှတ်တင်တာမျိုးလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ လောလောလတ်လတ် မြောက်ကိုရီးယားက စမ်းသပ်ထားတဲ့ နည်းပညာသစ် တိုက်ချင်းပစ် ဒုံးကျည်ဆိုရင်လည်း ထရပ်ကားမှာ တပ်ဆင်ထားတဲ့ ရွေ့လျား ပစ်စင်ကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
ကင်က စစ်ထောက်လှမ်းရေး ဂြိုဟ်တုတွေ လွှတ်တင်တာဟာ နိုင်ငံတနိုင်ငံရဲ့ လုပ်ပိုင်ခွင့်နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်တွေမှာ အကျုံးဝင်တယ်လို့ မှတ်ချက် ပေးထားဖူးပါတယ်။ အထူးသဖြင့် ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ဆက်တိုက် မြင့်တက်လာတဲ့ အခြေအနေမျိုးမှာ မြောက်ကိုရီးယားဟာ ထောက်လှမ်းရေး ဂြိုဟ်တုတွေ ပိုင်ဆိုင်ထားဖို့ ပိုပြီး အရေးတကြီး လိုအပ်ကြောင်း သူက ပြောဆိုထားပါတယ်။
Ref: CNN