ဧပြီ၊ ၁၉
အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး ဘောလုံးအသင်းဟာ အိမ်ကွင်း အစ်တီဟတ်ကို ပရိသတ် ဦးရေ ချဲ့ထွင်မယ့် အစီအမံအတွက် တရားဝင် လျှောက်ထားလိုက်ကြောင်း သိရပါတယ်။
စီးတီးဟာ စတာလင်ပေါင် သန်း ၃၀၀ လောက် အကုန်အကျခံပြီး အစ်တီဟတ်ကွင်းကို ချဲ့ထွင်သွားမှာ ဖြစ်ပါတယ်။ အားကစားရုံရဲ့ မြောက်ဖက် ပွဲကြည့်စင်ကို ချဲ့ထွင် တည်ဆောက်လိုက်ခြင်းအားဖြင့် ရှိရင်းစွဲ ပရိသတ် ဝင်ဆံ့မှု ဦးရေ ၅၃၄၀၀ ကို ၆၀၀၀၀ ထိ တိုးမြှင့်နိုင်မယ်လို့ ဆိုပါတယ်။
မွမ်းမံတည်ဆောက်မှု အစီအစဉ်မှာ ဘောလုံးကွင်းကို အပေါ်စီးက ကြည့်နိုင်မယ့် ကောင်းကင် ဘားတခုနဲ့ အမိုးပေါ်မှာ တည်ဆောက်ထားပြီး ပရိသတ်တွေ လည်ပတ်နိုင်မယ့် လျှောက်လမ်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ပြီးတော့ လူ ၃၀၀၀ လောက် ဝင်ဆံ့မယ့် ပရိသတ် ဇုန်နယ်မြေ တခု၊ အသင်းရဲ့ အမှတ်တရ ထုတ်ကုန် အရောင်းဆိုင်သစ် တခုနဲ့ ပြတိုက် တခုကိုပါ ထည့်သွင်း တည်ဆောက်သွားမှာပါ။
မန်ချက်စတာ မြို့တော် ကောင်စီဆီကို တင်ပြထားတဲ့ အဆိုပြုချက်အရ အိပ်ရာ ၄၀၀ ပါဝင်တဲ့ ဟိုတယ် တခုကိုလည်း အစ်တီဟတ်ကွင်းမှာ ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။
ဒီပရောဂျက် တခုလုံး ရာနှုန်းပြည့် ပြီးစီးဖို့ ၃ နှစ်လောက်ထိ အချိန်ယူရဖွယ် ရှိတယ်လို့ အသင်းက ခန့်မှန်းထားပါတယ်။ အဲဒီ ဆောက်လုပ်မှုတွေ အပြီးမှာ စီးတီးဟာ ပရိသတ်တွေအတွက် အကောင်းဆုံး အတွေ့အကြုံတွေနဲ့ ဖျော်ဖြေမှုတွေ ပေးစွမ်းလာနိုင်မှာ ဖြစ်တယ်လို့လည်း စီးတီးက ကြေညာပါတယ်။
ဆောက်လုပ်ရေး ကဏ္ဍမှာ ရုံးခန်းနဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် ငှားရမ်းနိုင်မယ့် နေရာသစ်တွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ အဲဒီ နေရာတွေမှာ အသင်းရဲ့ မိတ်ဖက် လုပ်ငန်းတွေ ရုံးခန်းဖွင့်လှစ်နိုင်အောင် စီစဉ်ပေးသွားမယ်လို့လည်း သိရပါတယ်။
အစ်တီဟတ် ကွင်းကြီးကို ၂၀၀၂ ခုနှစ် ဓနဿဟာယ နိုင်ငံများ အားကစားပြိုင်ပွဲ အမီ ပြီးစီးအောင် တည်ဆောက်ခဲ့ပြီး နောက်တနှစ်ကစလို့ စီးတီးရဲ့ အိမ်ကွင်း ဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ အသင်းရဲ့ ပွဲကြည့်စင်ကို ထပ်မံ ချဲ့ထွင်ပြီး ပရိသတ် ဦးရေ ၅၀၀၀ လောက် ထပ်တိုးလာတာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်းတွေ ပိုင်ဆိုင်တဲ့ ပဉ္စမမြောက် အကြီးမားဆုံး အားကစားရုံကြီး ဖြစ်လာခဲ့ပါတယ်။
Ref: BBC