ချန်ပီယံလိဂ်ရဲ့ အောင်မြင်မှု အကြီးဆုံး အသင်းနှစ်သင်း အကြိုဗိုလ်လုပွဲ တက်ရောက်

ဧပြီ၊ ၁၉

ဧပြီ ၁၈ ရက် ညပိုင်းက ယှဉ်ပြိုင် ကစားခဲ့တဲ့ ဥရောပ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေအပြီး ပြိုင်ပွဲရဲ့ အောင်မြင်မှု အကြီးဆုံး ကလပ်အသင်း နှစ်ခုဟာ အကြိုဗိုလ်လုပွဲ အဆင့်ကို တက်လှမ်းလာနိုင်ခဲ့ကြပါတယ်။

ချန်ပီယံလိဂ် ဆုဖလားကို ၁၄ ကြိမ် ဆွတ်ခူးခဲ့ပြီး လက်ရှိ ချန်ပီယံလည်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးကို အဝေးကွင်း စတမ်းဖို့ဒ်ဘရစ်ဂျ်မှာ ၂-၀ နဲ့ အနိုင်ရခဲ့တဲ့နောက် နှစ်ကျော့ပေါင်းရလဒ် ၄-၀ နဲ့ အကြိုဗိုလ်လုပွဲ တက်လာခဲ့ပါတယ်။ နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်း အကျဖက်ကို ဦးတည်နေတဲ့ ချဲလ်ဆီးဟာ ပထမပိုင်းမှာ ရီးရဲလ် ဂိုးပေါက်ကို ခြိမ်းခြောက်မှုတွေ လုပ်နိုင်ခဲ့ပေမယ့် ပြိုင်ဘက်အဖြစ် ပြန်ရင်ဆိုင်ရတဲ့ အသင်းရဲ့ ဂိုးသမားဟောင်း သီဘောက် ကော်တွိုက်စ်ရဲ့ လက်စွမ်းပြမှုကို မကျော်လွှားနိုင်ခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ရီးရဲလ်ရဲ့ ဘရာဇီး လူငယ် တိုက်စစ် ကစားသမားလေး ရိုဒရီဂိုက ခြေစွမ်းပြပြီး ၂ ဂိုးသွင်းခဲ့တာကြောင့် လန်ဒန်ကလပ်ဟာ ကွာတားဖိုင်နယ် အဆင့်ကနေပဲ ပြိုင်ပွဲကို လက်ပြ နှုတ်ဆက်သွားရပါတယ်။

နောက်ထပ် ပွဲစဉ်တခုမှာတော့ ချန်ပီယံလိဂ် ဆုဖလား ၇ လုံး ရရှိဖူးပြီး ပြိုင်ပွဲရဲ့ ဒုတိယ အအောင်မြင်ဆုံး အသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ အေစီမီလန်က အီတလီ ပြည်တွင်းပြိုင်ဘက် နာပိုလီကို ကျော်ဖြတ်ပြီး အကြိုဗိုလ်လုပွဲ တက်ခဲ့ပါတယ်။ နာပိုလီရဲ့ အိမ်ကွင်းမှာ ၁ ဂိုးစီ သရေကျခဲ့ပေမယ့် ပထမအကျော့ အနိုင်ရထားတာကြောင့် မီလန်က ၂-၁ နဲ့ အသာစီး ရခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ဧည့်သည် မီလန်အတွက် ဝါရင့် တိုက်စစ်မှူး အိုလီဗီရာ ဂျရူးက ဂိုးစသွင်းပြီး အနိုင်ရလဒ်ကို တောက်လျှောက် ထိန်းထားနိုင်ပေမယ့် ပွဲပြီးခါနီး နာကျင် အပိုဆောင်းချိန်မှာ နာပိုလီရဲ့ နိုက်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာ အိုဆီမန်က ချေပဂိုး ပြန်သွင်းသွားပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အနိုင်ဂိုးကို နာပိုလီ ထပ်မသွင်းနိုင်အောင် မီလန်က ကြံ့ကြံ့ခံ ပိတ်ဆို့ထားခဲ့တာကြောင့် အခုရာသီ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲမှာ ခြေစွာနေတဲ့ နာပိုလီတို့ ဥရောပ အောင်မြင်မှု မျှော်လင့်ချက်ကို ဆုံးရှုံးသွားခဲ့တာ ဖြစ်ပါတယ်။ မီလန် အတွက်တော့ ၂၀၀၇ ခုနှစ်နောက်ပိုင်း အကြိုဗိုလ်လုပွဲ အဆင့်ကို ပထမဆုံးအကြိမ် ပြန်လည် တက်လှမ်းလာနိုင်ခဲ့တာပါ။

တခြား ကွာတားဖိုင်နယ် ပွဲစဉ်တွေမှာတော့ အခုညပိုင်းမှာ ဘင်ဖီကာနဲ့ အင်တာမီလန်၊ မန်ချက်စတာစီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့ အသီးသီး တွေ့ဆုံနေကြပြီး ပထမအကျော့ ပွဲစဉ် အနေအထားအရ အင်တာနဲ့ စီးတီးတို့ အကြိုဗိုလ်လုပွဲကို တက်ရောက်လာဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။

 

Ref: Sky Sports