လေကြောင်းကပစ်ခတ်စီးနင်းခံရတဲ့ မြိုင်နယ် မကြီးကန်ရွာမှာ အရပ်သားတွေပိတ်မိနေ

ဧပြီ၊​ ၁၈
 
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ရွာကို စစ်တပ်က Mi-35 တစီး၊ Mi-17 နှစ်စီးနဲ့ ဒီကနေ့ ဧပြီလ ၁၈ရက် မနက်ပိုင်းက ပစ်ခတ်စီးနင်းလို့ မကြီးကန်ရွာက တိုက်နယ်ဆေးရုံဝန်းထဲမှာ ဒေသခံတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီဟာ ဒီကနေ့မနက် ၁၁ နာရီဝန်းကျင်မှာ မကြီးကန်ကျေးရွာဆေးရုံနဲ့ အဲ့ဒီဆေးရုံရဲ့ တောင်ဘက် မြင်းစိုင်းကုန်းနေရာတဝိုက်ကို Mi-35 ရဟတ်ယာဉ်နဲ့ စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် MI-17 နှစ်စီးနဲ့ စစ်သားတွေချကာ စီးနင်းနေတာလို့ ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
 
“ ဆေးရုံထဲမှာ လူနာတွေရော၊ ပြင်ပကနေ ဆေးလာကုတဲ့ သူတွေရောက လေယာဉ်နဲ့ ပစ်တော့ ကတုတ်ကျင်းတွေထဲမှာ ဝင်နေကြတယ်။ နောက်တော့ လူပါချတော့ ပြေးနိုင်တဲ့ သူတွေက ကတုတ်ကျင်းထဲကနေ ပြေးကြတာပေါ့နော်၊ လွတ်တဲ့ သူလည်း ရှိတယ်၊ လူနာတွေနဲ့ လူနာစောင့် အမျိုးသမီးတွေက ပိတ်မိနေတာရှိတယ်။ ဆေးရုံကတော့ အကုန်လုံးမီးရှို့ခံလိုက်ရပြီ၊ ရွာကိုလည်း ဝင်စီးပြီးတော့ မီးရှို့နေတယ် ” လို့ မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက်နယ်ဆေးရုံကို ဝင်စီးနင်းမှုမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပိတ်မိနေတဲ့ ဒေသခံတွေကို တတ်နိုင်သလောက် ဘေးလွတ်ရာကို ကယ်ထုတ်နေပေမယ့် လူနာတွေနဲ့ အရပ်သား ပြည်သူတွေ ပိတ်မိနေဆဲပဲလို့ သူကပြောပါတယ်။
 
မကြီးကန်ရွာနဲ့ အနီးတဝိုက်ကို ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် တိုက်ပွဲအခြေအနေနဲ့ ပိတ်မိနေတဲ့ ဒေသခံအခြေအနေတွေကို အသေးစိတ်မသိရသေးပဲ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဆက်သွယ်အတည်ပြုနိုင်ဖို့ ကြိုစားနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။
 
“ ဆေးရုံထဲမှာတော့ လူနာတွေတော့ ကျန်ခဲ့မှာ ထင်တယ်၊ သူတို့က ဆေးခန်းအနားမှာလည်း လူချတယ်၊ ဘေးပတ်လည်မှာလည်း စစ်သားတွေ ချတယ်လို့ ကြားတယ်၊ အခုက ညီမတို့က ဘေးလွတ်ရာကို ပြေးနေရတယ် ”လို့ ဒေသခံတဦးကလည်း ပြောပါတယ်။
 
မကြီးကန်ကျေးရွာက ဆေးရုံးဟာ တိုက်နယ်အဆင့်‌ ဆေးရုံဖြစ်ပြီး လက်ရှိမှာ မြို့ပေါ်ကို သွားရောက် မကုသနိုင်တဲ့ ဒေသခံတွေဟာ အဲဒီဆေးရုံကို အားကိုးနေရတဲ့အတွက် အရင်ကထက် လူနာတွေ ပိုမိုလက်ခံ ကုသနေရတယ်လို့ ဆိုပါတယ်။
 
ဒီကနေ့ ရုတ်တရက် လေကြောင်းက ပစ်ခတ်စီးနင်းမှုကြောင့် ဒေသခံအများစုဟာ အဝတ်တထည် ကိုယ်တခုနဲ့ စစ်ဘေးရှောင်ပြေးနေရပြီး မန်ကျည်းကန်ရွာ အပါအဝင် အနီးတဝိုက်က ကျေးရွာတွေဟာ ရွာလုံးကျွတ်တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
 
မကြီးကန်ကျေးရွာဟာ မြိုင်မြို့ရဲ့မြောက်ဘက် ရှစ်မိုင်ဝန်းကျင်အကွာမှာရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းပါ အချက်အလက်တွေအရ လူဦးရေ ၆၅၀၀ လောက်နေထိုင်တဲ့ ရွာကြီးတရွာဖြစ်ပါတယ်။ ဒီကနေ့ လေကြောင်းကပစ်ခတ်စီးနင်းမှုနဲ့ပတ်သက်လို့ နောက်ဆက်တွဲအသေးစိတ်အခြေအနေတွေကို မသိရသေးပါဘူး။
 
စစ်ကောင်စီက အခုလအတွင်း စစ်ကိုင်းတိုင်းမှာ လေကြောင်းက ပစ်ခတ်စီးနင်းမှုတွေ ငါးကြိမ်ထက်မနည်း လုပ်ခဲ့ပြီး ဒီလိုလေကြောင်းက ပစ်ခတ်စီးနင်းမှုတွေကြောင့် PDF စခန်းတွေ စီးနင်းဖျက်ဆီးခံရတာ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာနဲ့ ကျဆုံးရတာတွေ ရှိနေပါတယ်။
ဓာတ်ပုံ – Google Earth
ပုံစာ – လေကြောင်းကပစ်ခတ်စီးနင်းခံနေရတဲ့ မကြီးကန်ရွာ