မြဝတီ မဲကနယ်မှာတိုက်ပွဲဆက်ဖြစ်နေ၊ KNU ဝတ်စုံနဲ့ ပုံမှားရိုက်နယ်ကျွံလာတဲ့ စစ်သားတချို့သေဆုံး

ဧပြီ၊ ၁၈
 
ကရင်ပြည်နယ်၊ မြဝတီမြို့ မဲကနယ်တဝိုက်မှာ စစ်ကောင်စီတပ်သားတွေက KNU ဝတ်စုံတွေဝတ်ပြီး ပုံမှား ရိုက်ထိုးစစ်ဆင်လာရာက ဒီကနေ့မနက်ပိုင်းကနေ လက်ရှိအထိ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ Venom PDF စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
မဲကနယ် ဒေသမှာ ဒီကနေ့မနက်အစောပိုင်းကစလို့ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေပြီး မနက်ပိုင်းက တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကာ လက်နက်နှစ် လက်သိမ်း ဆည်းနိုင်ခဲ့တယ်လို့ Venom စစ်ကြောင်းက ဆိုပါတယ်။
 
“ ကျွန်မတို့ဘက်က ကာ ထားတဲ့ စည်းကို တိုးလာတာ၊ စစ်သားတွေက ပုံမှားရိုက်ပြီး KNU ယူနီဖောင်းတွေနဲ့ သူတို့တက်လာတယ်ပေါ့၊ အဲဒီမှာ ဒီဘက်က တပ်ဖွဲ့တွေနဲ့ အနီးကပ်ထိတွေ့မှုဖြစ်ကြတယ်၊ စစ်ကောင်စီဘက်က နှစ်ဦးသေတယ်၊ ၄၀ မမ တလက်နဲ့ AK သေနတ်တလက်လည်း သိမ်းနိုင်ခဲ့တယ်၊ ဒါက ဒီမနက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာပေါ့ ” လို့ Venom PDF စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
လက်ရှိမှာလည်း စစ်ကောင်စီလက်အောက်ခံတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)ပူးပေါင်းအဖွဲ့တွေက အင်အားဖြည့်တင်းတာတွေ လုပ်နေပြီး စစ်ကြောင်းသုံးကြောင်းနဲ့ ပြန်လည်တိုက်ခိုက်နေတာကြောင့် နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
 
“ သူတို့ဘက်ကတော့ အင်အားများတယ်ရှင့်၊ စစ်သားတွေ၊ BGF တွေပေါ့၊ စစ်ကြောင်းသုံးကြောင်းနဲ့ ဖြစ်နေတာ၊ အခုက လေယာဉ်တွေ ဝဲနေတာတော့ ရှိတယ်၊ လေယာဉ်တွေနဲ့ မပစ်ကြသေးဘူး၊ တိုက်ပွဲက ဖြစ်နေဆဲပဲ၊ ကျွန်မတို့ကလည်း တချို့ဟာတွေကို အရမ်းကြီး ချက်ချင်းအတည်ပြုဖြေကြားပေးဖို့ အခက်အခဲရှိနေတယ် ” လို့ Venom PDF စစ်ကြောင်းက ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
လတ်တလောဖြစ်ပွားနေတဲ့ မဲကနယ်ဒေသတဝိုက်တိုက်ပွဲမှာ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောရဲ့ ဦးဆောင်မှုနဲ့အတူ ကော်ဘရာစစ်ကြောင်း (၂)၊ Venom Column၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေတာဖြစ်ပြီး အဲဒီတိုက်ပွဲတွေအတွင်းမှာ တော်လှန်ရေးအင်အားစုတွေဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးပေမယ့် စစ်ကောင်စီဘက်ကတော့ ထိခိုက်သေဆုံးမှုတွေ အများအပြားရှိသေးတယ်လို့ ဆိုပါတယ်။
 
မြဝတီမြို့ ရွှေကုက္ကိုလ်မြို့သစ်အပြင် ထီးကော်ထောကျေးရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF ကင်းစခန်းတွေကို KNLA နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ဒေသတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာပါ။
 
ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကလည်း အင်အားအများအပြားဖြည့်တင်းထားပြီး လေကြောင်းပစ်ကူနဲ့ပါ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် အဲဒီဒေသတဝိုက်က အရပ်သားသောင်းနဲ့ချီ သောင်းရင်းမြစ် ကမ်းစပ်နဲ့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဒေသခံတွေက DNA ကို ပြောထားပါတယ်။
ဓာတ်ပုံ – Venom စစ်ကြောင်း