သံဖြူဇရပ်မှာ ဖောက်ခွဲရေးလာလုပ်တဲ့PDFလို့ဆိုကာ လူငယ်နှစ်ဦးပစ်သတ်ခံရ

ဧပြီ၊ ၁၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာမှာ မနေ့က နှစ်ဆန်းတရက်မှာ ဒေသဓလေ့အရ သင်္ကြန်လည် သူ တွေစည်ကားနေချိန် လူငယ်နှစ်ဦးကို PDF လို့ဆိုကာ စစ်ကောင်စီက ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပငကျေးရွာ အဝေးပြေးကားလမ်းပေါ်မှာ ဧပြီ ၁၇ ရက် နေ့လယ် နှစ်နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် စစ်အုပ်စုက ရှာဖွေစစ်ဆေးမှုတွေလုပ်ခဲ့ပြီး အသက်နှစ်ဆယ်ကျော်အရွယ်လူငယ်နှစ်ဦးကို ဖမ်းဆီးကာ ပစ်သတ် လိုက်တာလို့ ဆိုပါတယ်။

 “ ပငရွာက လမ်းမကြီးပေါ်မှာပဲ မိုင်းတလုံးပေါက်ကွဲသွားတယ်လို့ သိရတယ်၊ နောက်ပြီး စစ်သားတွေ ရဲတွေ၊ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိတွေက အများကြီး လိုက်စစ်ဆေးတာတွေ လုပ်တယ်၊ အဲမှာ လူငယ်တချို့ကို ခေါ်ယူ စစ်ဆေးတယ်၊ နောက်ပြီး လူငယ်နှစ်ဦးကို ဖမ်းသွားတယ်၊ နောက်တော့ နှစ်ယောက်လုံးပဲလေ၊ အဲရွာက ခြံတခုမှာ ပစ်သတ်ခံလိုက်ရတယ်” လို့ ဒေသခံတဦးကပြောပါတယ်။ 

သေနတ်နဲ့ပစ်သတ်ခံရတဲ့အမျိုးသားနှစ်ဦးဟာ ပငကျေးရွာဒေသခံတွေ မဟုတ်ကြဘဲ သူတို့ကို ဖမ်းဆီးခေါ်ဆောင် ပြီးနောက် စစ်ဆေးမှုလုပ်ချိန်မှာ ထွက်ပြေးခဲ့တာကြောင့် ပစ်သတ်ရတာဖြစ်တယ်လို့ စစ်အုပ်စုက သတင်းဖြန့် ထားပါတယ်။

 “ရွာကတာဝန်ရှိတဲ့တွေ ပြောတာက သူ့ကို မေးမြန်းဖို့ ခေါ်သွားတဲ့အချိန်မှာ သူတို့က ထွက်ပြေးဖို့ ကြိုးစား လို့ ဆိုပြီး သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ ပြောတယ်၊ ဟုတ်လား၊ မဟုတ်လားတော့ မသိဘူးပေါ့နော်၊ သူတို့ (စစ်သား)တွေကပဲ ဒီအတိုင်းပစ်သတ် လိုက်တာလားတော့ မပြောတက်ဘူးပေါ့နော်၊ အလောင်းကို တွေ့တဲ့ သူတွေ ပြောတာကတော့ ပစ်သတ်ခံရတဲ့ကောင်လေး တွေက သင်္ကြန်ထွက်လည်တဲ့ ဝတ်စုံပုံစံမျိုးနဲ့လို့ ပြော တယ်၊သင်္ကြန်ရက်ဆိုတော့ တော်တော်ရှုပ်နေတာတော့၊ ဘယ်သူဘယ်ဝါးမှန်း လည်း ပြောရခက်တယ်။ ရွာကမဟုတ်တာတော့ သေချာပါတယ်” လို့ဒေသခံက ပြောပါတယ်။ 

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဖမ်းဆီးခံရသူနှစ်ဦးဟာ ပငကျေးရွာကို မိုင်းဖောက် ခွဲခဲ့သူတွေဖြစ်ပြီးဖောက်ခွဲမှုတွေ ထပ်မံပြုလုပ်ဖို့ စီစဉ်ထားတဲ့ လက်လုပ်မိုင်းတွေလိုက်လံပြသခိုင်းချိန်မှာ ထွက် ပြေးခဲ့တာကြောင့် အသေပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ပစ်သတ်ခံရတဲ့အမျိုးသားနှစ်ဦးဟာ သံဖြူဇရပ်မြို့နယ်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ် သက်ဆက်နွယ် မှု ရှိ၊ မရှိ သိရှိနိုင်ဖို့ကို ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေကို DNA က ဆက်သွယ်မေးမြန်းခဲ့ ပေမယ့်လက်ခံဖြေကြားခြင်း မရှိပါဘူး။ 

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက် မနက်ပိုင်းကလည်း သံဖြူဇရပ်မြို့ပေါ် ဓနသဟာရစစ်သင်္ချိုင်းရှေ့နဲ့ လုံခြုံရေးတင်းကျပ် ထားတဲ့ သင်္ကြန်ဗဟိုမဏ္ဏပ်အနီးမှာ ဗုံးတလုံးစီ ပေါက်ကွဲခဲ့ပါသေးတယ်။ အဲဒီဖောက်ခွဲမှုကိုတော့ သံဖြူ ဇရပ်မြို့နယ် မှာလှုပ်ရှားနေတဲ့ The Revolution Force For Justice (ပျံလွှာအထူးတပ်ဖွဲ့)နဲ့ မဟာမိတ်အဖွဲ့ တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

အဲ့ဒီပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေက သင်္ကြန်ထွက်လည်တဲ့ လူငယ်အမျိုးသား သုံးဦးထက်မနည်းကို ခေါ်ယူစစ်ဆေးမေးမြန်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြပြီး နောက်နေ့မှာ ပြန်လွတ် ပေးလိုက်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။