အိန္ဒိယက နေပူထဲ ကျင်းပတဲ့ ဆုပေးပွဲမှာ အပူလျှပ်လို့ လူတဒါဇင်နီးပါး သေဆုံး

ဧပြီ၊ ၁၈

နေကျဲကျဲပူနေတဲ့ ကွင်းပြင်ကြီးထဲ အိန္ဒိယ အာဏာရ ပါတီက ဦးဆောင် ကျင်းပတဲ့ ဆုပေးပွဲ အခမ်းအနား တခုမှာ အပူလျှပ်လို့ လူ တဒါဇင်နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။

 ဧပြီ ၁၇ ရက်မှာ အာဏာရ BJP ပါတီက ကြီးမှူးပြီး မဟာသျှတ္တရာ ပြည်နယ်ရဲ့ မြို့တော် မွမ်ဘိုင်းမှာ လူမှု အကျိုးပြု ဆုချီးမြှင့်ပွဲ အခမ်းအနား တခုကို ကျင်းပခဲ့ပါတယ်။ အဲဒီ အခမ်းအနားကို ကြီးမားကျယ်ပြန့်တဲ့ ကွင်းပြင်ကြီး တခုမှာ ပြုလုပ်ခဲ့ပြီး လူ ၁ သန်းလောက် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

 မွမ်ဘိုင်း အနောက်ပိုင်းမှာ အခမ်းအနား ကျင်းပချိန်က နေ့အပူချိန် ၃၈ ဒီဂရီ ဆဲလ်ဆီးရပ်စ်လောက်ထိ မြင့်မားနေခဲ့သလို လေထု စိုထိုင်းဆကလည်း အရမ်း မြင့်မားနေခဲ့ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

 နေပူထဲမှာ ထီးတွေ၊ ဖြစ်ကတတ်ဆန်း အမိုးအကာတွေနဲ့ စုထိုင်နေကြရာက လူပေါင်း ၃၀၀ လောက် နာမကျန်း ဖြစ်ခဲ့ကြပြီး အဲဒီထဲက ၁၁ ဦးကတော့ အရေးပေါ် ကုသပေးနေရင်းနဲ့ အသက်ဆုံးရှုံးသွားခဲ့ကြောင်း သိရပါတယ်။

 မဟာသျှတ္တရ ပြည်နယ် ဝန်ကြီးချုပ် အက်ခ်နက်သ် ရှင်ဒီက ဝမ်းနည်းစရာ မတော်တဆ ဖြစ်စဉ်မှာ ထိခိုက် သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကို နစ်နာကြေး ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ BJPပါတီကလည်း အပူလျှပ် သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ဝမ်းနည်းကြေကွဲကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

 ဒါပေမဲ့ အတိုက်အခံ ကွန်ဂရက် ပါတီကတော့ ဒီလို သေဆုံးမှုတွေဟာ BJPရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်း အားနည်းတာကြောင့်လို့ ဝေဖန် စွပ်စွဲခဲ့ပြီး ရာဇဝတ်ကြောင်းအရ တရားစွဲဆို စစ်ဆေးမှုတွေ လုပ်ဆောင်သင့်ကြောင်း ပြောကြားထားပါတယ်။

 အိန္ဒိယမှာ ၂၀၁၀ ပြည့်နှစ်ကစလို့ အပူလျှပ်ပြီး သေဆုံးသူ ဦးရေ ၆၅၀၀ ကျော်လောက်ထိ များပြားခဲ့ပြီး မနှစ်က ရာသီဥတု ပိုမို ပူပြင်းလာတဲ့ အခြေအနေတွေကြောင့် အပူလျှပ် လူနာတွေလည်း ပိုတိုးလာခဲ့ကြောင်း သိရပါတယ်။