ယူကရိန်း စစ်ပွဲကို အမြန်ဆုံး ရပ်တန့်ဖို့ ဆန္ဒရှိတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးပြော

ဧပြီ၊ ၁၈

ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အမြန်ဆုံး ရပ်တန့်ဖို့ ရုရှားက လိုလိုလားလား ရှိနေကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က ပြောကြားခဲ့ပါတယ်။

 ဘရာဇီးနိုင်ငံကို သွားရောက် လည်ပတ်ပြီး အိမ်ရှင်နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး မော်ရို ဗီအဲရာနဲ့ တွေ့ဆုံချိန်မှာ လက်ဗ်ရော့ဗ်က အခုလို ပြောကြားခဲ့တာပါ။ သူက ရုရှား-ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ကောင်းကောင်း သဘောပေါက် နားလည်ထားတဲ့ အတွက်လည်း ဗီအဲရာကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသေးတယ်။ တဖက်မှာတော့ ဗီအဲရာက စစ်ပွဲ အမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် နိုင်ငံတကာ အင်အားစုတွေ စုပေါင်း ဆွေးနွေးကြဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

 လက်ဗ်ရော့ဗ်က လက်ရှိ ပဋိပက္ခကို အငြိမ်းချမ်းဆုံး၊ အငြင်သာဆုံး နည်းလမ်းမျိုးနဲ့ ဖြေရှင်းလိုတဲ့ ဘရာဇီးရဲ့ သဘောထားကို ထပ်မံ အသိအမှတ်ပြုကြောင်း၊ ဘရာဇီး သမ္မတ လူလာ (လူးဝစ်ဇ် အင်နာစီယို လူလာ ဒါဆေးလ်ဗား)က ခင်မင်နှစ်လိုစရာကောင်းတဲ့ နိုင်ငံတွေ စုဖွဲ့ပြီး ငြိမ်းချမ်းရေးအတွက် ကြားဝင် စေ့စပ်ပေးလိုတဲ့ ဆန္ဒမျိုး ရှိနေတာကို ကျေးဇူးတင်ကြောင်း ပြောကြားသွားပါတယ်။

 အမေရိကန်ကတော့ လူလာရဲ့ သဘောထား မှတ်ချက်ကို ဝေဖန်ခဲ့ပြီး တရုတ်နဲ့ ရုရှားတို့က နှုတ်တိုက် ချပေးထားတဲ့ ဝါဒဖြန့် စကားတွေအတိုင်း ဘရာဇီး သမ္မတက လိုက်ပြောနေတာလို့ စွပ်စွဲခဲ့ပါတယ်။

 ဗီအဲရာကလည်း စစ်ပွဲကို အကြောင်းပြုပြီး အနောက်နိုင်ငံတွေက ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ခဲ့တဲ့အပေါ် တုံ့ပြန် ဝေဖန်ခဲ့ပါတယ်။ အမေရိကန်နဲ့ အနောက် မဟာမိတ် နိုင်ငံတွေက ရုရှားကို စီးပွားရေးအရ ပိတ်ဆို့ အရေးယူဖို့ ဆုံးဖြတ်ခြင်းဟာ ကမ္ဘာ့ စီးပွားရေး ကဏ္ဍ တခုလုံးကို သက်ရောက် ထိခိုက်စေပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံငယ်တွေအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်စေကြောင်း သူက ပြောပါတယ်။

 ဘရာဇီး သမ္မတ လူလာဟာ G20 ညီလာခံတုန်းကလည်း ကမ္ဘာ့စီးပွားရေး နယ်ပယ် တခုလုံးကို ပြန်အဖတ်ဆယ်ဖို့အတွက် ရုရှား-ယူကရိန်း စစ်ပွဲ ရပ်တန့်ရေး ဆွေးနွေးညှိနှိုင်းမှုတွေ အကောင်အထည်ဖော်ဖို့ G20 အဖွဲ့ဝင် နိုင်ငံတွေကို အလေးအနက် တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

 အစောပိုင်းတုန်းက လူလာဟာ စစ်ပွဲ ရပ်တန့်နိုင်ရေးအတွက် ယူကရိန်း အနေနဲ့ ခရိုင်းမီးယား ကျွန်းဆွယ် ဒေသကို ရုရှားဆီ တရားဝင် လွှဲပြောင်းပေးဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ဒါပေမဲ့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ယူကရိန်းဟာ မတရား ကျူးကျော်စစ်ပွဲ တခုကို ရပ်တန့်စေဖို့အတွက် အချုပ်အခြာ ပိုင်နက် နယ်မြေ ၁ စင်တီမီတာကိုတောင်မှ လက်လွတ်ခံမှာ မဟုတ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။