ခင်ဦးမြို့မှာ စစ်ကြောင်းဝင်လာလို့ ဒေသခံနှစ်ထောင်ကျော် ထွက်ပြေးနေရ

ဧပြီ၊ ၁၈

စစ်ကိုင်းတိုင်း ၊ခင်ဦးမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက စပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ဒေသခံ နှစ်ထောင်ကျော်လောက် ဘေးလွတ်ရာတွေကိုထွက်ပြေးတိမ်ရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရေဦးမြို့ နယ် ၊တိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့ စစ်အုပ်စုက ဒီကနေ့ မနက်ပိုင်းကခင်ဦးမြို့နယ်ဖက်ကို အင်အား ၁၀၀ ကျော်လောက်နဲ့ စတင်ဝင်ရောက်လာခဲ့ပြီး ရေဦး- ခင်ဦးသွားကားလမ်းဘေးရှိကျေးရွာတွေ စတင်စစ်ရှောင်နေကြရတယ်လို့ ဆိုပါတယ်။

” နှစ်ဦးမှာ ခင်ဦးကလူတွေက စပြီးပြေးရပြီးပေါ့ဗျ။  ရွာပေါင်းရှစ်ရွာလောက်က ဒေသခံ နှစ်ထောင်ကျော်က နီးစပ်ရာရွာတွေကို ပြေးနေရတယ်။ စစ်ကြောင်းက ရေဦးဖက်ကဝင်လာတာ ကြည့်ရတာတော့  သူတို့ရိက်ခါသယ်ဖို့လမ်းကြောင်းရှင်းတယ်တူတယ် ။တချို့ရွာတွေမှာလည်း သူတို့ကင်းပုန်းတွေရှိတယ်။ အလောတကြီးထပြေးလာရတာဆိုတော့ ဘာပစ္စည်းမှာသေချာသယ်မလာနိုင်ကြဘူးဗျ ” လို့ ဒေသခံ တဦးကပြောပါတယ်။

စစ်အုပ်စုက ခင်ဦးမြို့နယ် ၊အင်းပတ်ကွေ့ကျေးရွာကို စတင်ပြီး စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် အဲဒီကျေးရွာ အနီးနားရှိ ရွာသစ်၊ ချမ်းသာကုန်း၊ အင်တိုင်းလေး တောင်ရွာ၊ မြောက်ရွာ၊ မြင်းဒေါင်းရွာ၊ သရက်ပင်စု၊ မကျီးအုပ် စတဲ့ကျေးရွာတွေက ဒေသခံတွေ စစ်ကြောင်းနဲ့ ဝေးရာကိုထွက်ပြေးနေရတာပါ။

ဒါအပြင် စစ်အုပ်စု မြင်းဒေါင်း ၊ သရက်ပင်စုနဲ့ အင်တိုင်တောင်ရွာဖက်မှာ ကင်းပုန်းဝပ်နေသလို ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကလည်း မိုင်းဆွဲတိုက်ခိုက်တာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

” တိုက်ပွဲလိုဖြစ်နေတာတော့ မရှိဘူးဗျ ။ဒါပေမယ့် မနက်ပိုင်းကတော့ စစ်ခွေးတွေ မိုင်းဆွဲခံရတာရှိနေလို့ သေနတ်တွေနဲ့ ရမ်းပစ်နေတယ်လို့ ကြားတယ်ဗျ ။ဘယ်သူတွေ ဘယ်အဖွဲ့တွေနဲ့ ဖြစ်နေတာတော့ မသိရသေးပါဘူး ” လို့ ဒေသခံ တဦးကပြောပါတယ်။

စစ်ကိုင်းတိုင်း ၊ခင်ဦးမြို့ကို စစ်အုပ်စုကနှစ်သစ်ကူးအပြီး ပထမဆုံးအကြိမ် စစ်ကြောင်းထိုးဝင်ရောက်နေတာ ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ ခင်ဦးမြို့နယ်အပါအဝင် မြို့နယ် ၁၄မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားပြီးစစ်အာဏာသိမ်းပြီးချိန်ကနေစတင်ပြီးဧပြီလ၁၁ရက်အချိန်ထိဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အရပ်သားပေါင်း ၂၇၅ဦးကိုစစ်ကောင်စီကသတ်ဖြတ်ခဲ့ပါတယ်။ 

ဒါ့အပြင် ကျေးရွာပေါင်း၆၈ရွာက ပြည်သူပိုင် နေအိမ် ၄၁၇၆လုံးကိုလည်းစစ်ကောင်စီတပ်တွေကမီးရှို့ဖျက်စီးခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးရဲ့အချက်အလက်တွေအရသိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီနှစ်မတ်လ ၂၇ ရက်အထိတိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒဿမ ၈ သန်းကျော်အနက် ၁ ဒဿမ ၄ သန်းကျော်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး စွန့်ခွာထွက်ပြေးရသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA ) ထုတ်ပြန်ထားပါတယ်။

နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံဖြစ်တဲ့ လူပေါင်း ၁၇ ဒဿမ ၆သန်းကျော်ဟာလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလိုအပ်နေပြီး ပဋိပက္ခဖြစ်နေတဲ့ ကျေးလက်ဒေသက ဆိုးဆိုးဝါးဝါးအကူအညီလိုအပ်နေတဲ့ သူပေါင်း ၄ ဒဿမ ၅ သန်းရှိတယ်လို့လည်း ဆိုပါတယ်။