ဧပြီ၊ ၁၇
တနင်္သာရီတိုင်း ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ရှိတနင်္သာရီ-မောတောင်ကားလမ်းမှာ ပြီးခဲ့တဲ့သင်္ကြန် ကာ လအတွင်းတိုက်ပွဲတွေဆက်တိုက်ဖြစ်လို့ နယ်စပ်ကုန်စည်စီးဆင်းမှုရပ်ဆိုင်းကာအခြေခံစားသောက်ကုန်စျေး နှုန်းတွေလည်းအဆမတန်မြင့်တက်လာတယ်လို့မြို့ခံတွေကပြောပါတယ်။
တနင်္သာရီ-မောတောင်ကားလမ်းမအနီးကသဲဖြူကုန်း၊နောင်ဝ၊ချောင်းနှစ်ပြန်၊လက်ပံသောင်နဲ့လယ်တောင် စတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်လာတာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ဧပြီ ၁၃ရက်ကနေ ၁၅ရက်အထိ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလို နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့တာအပြင် နှစ်ဘက်လုံးက တနင်္သာရီ-မောတောင် ကားလမ်းမကို အသွားအ လာပိတ်ပင်လိုက်တာကြောင့် နယ်စပ်ကုန်သွယ်မှုတွေ ရပ်တန့်သွားတာလို့ မောင်တောင်မြို့ခံ ကုန်သည်တဦးက ပြောပါတယ်။
“တချို့ကုန်ကားတွေကတော့ဂိတ်တွေကိုပိုက်ဆံပေးပြီးဖြတ်တာတော့ရှိတယ်၊အဲ့ဒါလည်းမသေချာဘူး၊ နယ်စပ် ဂိတ်ကပါပိတ်လိုက်တာဆိုတော့ကုန်စည်စီးဆင်းမှုတွေအခုရပ်တန့်နေတဲ့သဘောရှိပါတယ်”လို့သူကပြောပါတယ်။
ဒါ့အပြင်ဧပြီလ ၁၅ရက်ကစပြီးထိုင်း-မြန်မာနယ်စပ်မောင်တောဂိတ်ကိုပါယာယီပိတ်ထားတဲ့အတွက် အခြေခံစား သောက်ကုန်နဲ့စက်သုံးဆီတွေဟာပြည်တွင်းက မဝင်ရောက်နိုင်တော့ဘဲထိုင်းနိုင်ငံ နယ်စပ်ကနေတဆင့်မှောင်ခို ဝင်လာတဲ့ကုန်ပစ္စည်းတွေကိုစျေးကြီးပေးဝယ်ယူသုံးစွဲနေကြရတယ်လို့လည်းမြို့ခံတွေကဆိုပါတယ်။ “နယ်စပ်ဂိတ်ကိုပါပိတ်ထားတော့အခုဒုက္ခရောက်နေရပြီ၊ ဆန်တို့ဆီတို့ကအစထိုင်းကနေခိုးဝင်တဲ့ဟာပဲ ဝယ်စား နေရတယ်၊စျေးတွေကလည်းအရမ်းကြီးတယ်ဗျာ။ဘာဝယ်ဝယ်အရင်က ၁၅ဘတ်နဲ့ ၈၀၀ ဘတ်ကြားပဲရှိ တယ် ၊အခုဆို ၁၀၀ ဘတ် နဲ့ ၁၅၀၀ ဘတ်ကြားပေးဝယ်နေရတယ်၊စက်သုံးဆီစျေးဆိုရင် တစ်လီတာကို ဘတ် ၁၀၀ အထိကိုဖြစ်လာပြီ။နေ့တိုင်းဆိုရင်တော့မလွယ်တော့ဘူး” လို့ မောတောင်မြိုခံတဦးကဆိုပါတယ်။
စစ်ကောင်စီရဲ့နိုင်ငံခြားငွေလှဲလယ်နှုန်းအရ ထိုင်းဘတ်ငွေ တဘတ်ကို မြန်မာငွေ ၈၀ကျပ် စျေးသတ်မှတ်ထား ပေမယ့် မောတောင်မြို့မှာတော့ ထိုင်းတဘတ်ကို မြန်မာငွေ ၁၀၀ ကျပ်ဝန်းကျင်နှုန်းစျေးပေါက်နေတယ်လို့ မြို့ခံ ငွေလဲလုပ်ငန်းလုပ်သူတွေဆီကသိရပါတယ်။
လက်ရှိမောတောင်ဒေသမှာ ထိုင်းဆန် ပေါ်ဆန်းမွှေးတအိတ်ကိုဘတ်ငွေ ၁၂၀၀ (မြန်မာငွေ တသိန်းကျပ် )နဲ့ စားသုံးဆီ အမျိုးအစား အလိုက် ဆီတဘူးကို ထိုင်းဘတ်ငွေ ၃၀၀ ကနေ၅၀၀ (မြန်မာငွေ ၃သောင်း ကျပ်ကနေ ၅သောင်းကြား)အထိ ပေါက်ဈေးရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စက်သုံးဆီ ၉၂ အမျိုးအစား တလီတာကို ထိုင်း ဘတ်ငွေ ၁၀၀ (မြန်မာငွေတသောင်းကျပ်)၊ ၉၅ အမျိုးအ စား တလီတာကို ထိုင်းဘတ် ၂၅၀(မြန်မာငွေ နှစ်သောင်းခွဲကျပ်) နဲ့ ဒီဇယ် တလီတာကိုထိုင်းဘတ်ငွေ ၄၅၀ (မြန်မာငွေ လေးသောင်းခွဲ ကျပ်) အထိရှိနေတယ်လို့ သိရပါတယ်။
“အခုအနေအထားမှာမှောင်ခိုပုံစံဖြစ်နေတော့စျေးတွေကအရင်ထက်နှစ်ဆကိုတက်တယ်၊ မြန်မာငွေအသုံး နည်း တယ်၊ဘာဝယ်ဝယ်ထိုင်းဘတ်ငွေနဲ့ဝယ်နေရတယ်၊ဘတ်စျေးကစိတ်ကြိုက်စျေးကစားဆိုတော့ ကုန်စျေးနှုန်း တွေ ကလည်းအရမ်းတက်နေပြီ၊ တချို့ကတော့စျေးလျှော့ရောင်းပေးပါတယ်၊ အများစုကစစ်ကောင်စီနဲ့ ပါတနာတွေ၊ ကိုယ်ရကိုယ်ယူသမားတွေဆိုတော့ စျေးတွေမတရားကိုမြှင့်ရောင်းနေတာပဲများတယ်” လို့ စျေးဆိုင်ပိုင် ရှင်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း မြိတ်-မောတောင်လမ်းပိုင်းနဲ့ တနင်္သာရီ -မောတောင်လမ်းပိုင်းနေရာတွေမှာ စစ် ကောင်စီတပ်အင်အား ၈၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးတာ၊တိုက်ပွဲဖြစ်တာတွေကြောင့် မလိုအပ်ဘဲ အဲ့ဒီလမ်းပိုင်း တွေကို အသုံးမပြုဖို့ ဒေသတွင်း စစ်ရေးလှုပ်ရှားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထုတ်ပြန်တာတွေလုပ်ခဲ့ ပါသေးတယ်။