လက်နက်တပ်ဆင်ပေးမှုတွေ အရှိန်မြှင့်သွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနပြော

ဧပြီ၊ ၁၇

ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း တပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ပေးမှု ဆက်လက်အရှိန်မြှင့် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုး(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ််ပြန် ပါတယ်။

မိုးကုတ်ဒေသတွင်းက PDF တပ်ရင်း၊တပ်ဖွဲ့တွေကို မနေ့က လက်နက်တပ်ဆင်ပေးခဲ့ကြောင်း ဒီကနေ့ သတင်း ထုတ်ပြန်ရာမှာ လက်နက်တပ်ဆင်ပေးမှု အရှိန်မြှင့်ဖို့ကလည်း ထည့်သွင်းဖော်ပြထားတာပါ။

မိုးကုတ်ဒေသအခြေစိုက် PDF တပ်ရင်းတပ်ဖွဲ့တွေကို မနေ့ကတပ်ဆင်ပေးခဲ့တယ်ဆိုတဲ့ လက်နက်အရေအတွက်နဲ့ တပ်ရင်း၊တပ်ဖွဲ့ဘယ်နှခုကို တပ်ဆင်ပေးခဲ့တယ်ဆိုတာတွေကိုတော့ ဒီကနေ့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။

မှတ်တမ်းဓာတ်ပုံတွေထဲမှာတော့ ရိုင်ဖယ်သေနတ် အလက်ငါးဆယ်၊လက်နက်ကြီးတလက်၊ စက်သေနတ် တ လက်နဲ့ ခဲယမ်းတွေနဲ့ တခြားလက်နက်တချို့ပါဝင်တာတွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ကာကွယ်ရေး ဝန်ကြီးဌာနဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ အခုနှစ်ဆန်းပိုင်းတွေ အ တွင်း တောင်ပိုင်းစစ်ဒေသဖြစ်တဲ့ ကရင်ပြည်နယ် အခြေစိုက်PDF တပ်ရင်း၊တပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ပေးမှု တွေ ဆက်တိုက်လုပ်ခဲ့သလို အခုလအတွင်းမှာလည်း မကွေးတိုင်းက တပ်ဖွဲ့တချို့ကို လက်နက်တပ်ဆင်ပေးခဲ့ ကြောင်း ထုတ်ပြန်ထားပါသေးတယ်။

ဒါပေမယ့် နိုင်ငံတဝန်းဒေသအသီးသီးမှာ စစ်ကောင်စီကိုခုခံတော်လှန်တိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့တွေကတော့ လက်နက်ခဲယမ်း မလုံလောက်မှုအခက်အခဲနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ပြောကြပါတယ်။