သထုံကနယ်မြေရဲစခန်းနဲ့ စစ်ကောင်စီတပ်ရင်း တပြိုင်တည်းတိုက်ခိုက်ခံရ

ဧပြီ၊ ၁၇

မွန်ပြည်နယ်၊ သထုံမြို့နယ် သိမ်ဆိပ်နယ်မြေရဲစခန်းနဲ့ ဝင်းပအခြေစိုက် ခမရ(၉)တပ်ရင်းကို ဒီကနေ့ (ဧပြီ ၁၇) ရက်မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်နက် ဝင်ရောက်တိုက်ခိုက်လို့ စခန်းမှူး အ ပါအဝင် ရဲတပ်သားတချို့ သေဆုံးထိခိုက်ဒဏ်ရာရမှုတွေရှိတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေ၊ ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

 သထုံမြို့နယ် သုဝဏ္ဏဝတီမြို့က သိမ်ဆိပ်နယ်မြေရဲစခန်းကို သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပ.က.ဖ) အဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ တာဖြစ်ပြီး ဝင်းပအခြေစိုက် ခြေမြန်တပ်ရင်း(၉)ကိုတော့ Hawk Revolutionary Squad- HRS Drone တပ်ဖွဲ့နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်း တပ်ဖွဲ့တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

 သိမ်ဆိပ်နယ်မြေရဲစခန်းပစ်ခတ်မှုမှာ စခန်းမှူးနေအိမ်ပေါ်၊ ရဲစခန်းထဲက ကင်းစခန်းနေရာတွေကို ၄၀ မမဗုံးသီး တွေကျရောက် ပေါက်ကွဲခဲ့ပြီး လက်နက်ငယ်တွေနဲ့လည်း အပြန်အလှန်ပစ်ခတ်မှု ၅ မိနစ်နီးပါးကြာ ဖြစ်ပွား ခဲ့ တယ်လို့ တိုက်ခိုက်မှုမှာ အနီးကပ်ကွပ်ကွဲခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ရဲစခန်း အပြင် မုဒ်ဦးရှေ့ကနေ ပစ်တာပေါ့၊လေးမိနစ်၊ငါးမိနစ်လောက်ပစ်ခတ်မှု ဖြစ်ခဲ့တယ်၊ အဲဒါနဲ့ တချိန် တည်း မှာပဲ ဒရုန်းတပ်ဖွဲ့ ကကျတော့ တပ်ရင်း(၉)ကို ဒရုန်းနဲ့ ပစ်ချတယ်၊ အဲမှာတော့ တလုံး နှစ်လုံးပဲ၊ နောက်ကနေ တော့ KNLA အဖွဲ့တွေ က အဆင်သင့်လိုက်ပါပေးတယ်ပေါ့၊ ကျွန်တော်တို့ နောက်ဆုံးအ တည်ပြုချက်ရထားတာ သိရတာဆိုရင် သိမ်ဆိပ် စခန်းမှူးအပါအဝင်ခုနစ်ဦးလောက် ဒဏ်ရာရတယ်၊ အဲဒီ အထဲမှာ သုံးဦးက သေတယ်” လို့သူက ပြောပါတယ်။

 ဝင်းပအခြေစိုက် ခမရ(၉)တပ်ရင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ အဆောက်အဦးတချို့သာ ပျက်စီးမှုရှိပြီး လူထိခိုက် ဒဏ်ရာရတာတွေ မရှိပေမယ့် သိမ်ဆိပ်နယ်မြေရဲစခန်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ စခန်းမှူးအပါအဝင်ငါးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးဒဏ်ရာပြင်းထန်ကာ အသက်အန္တရာယ်စိုးရိမ်နေရတဲ့အခြေအနေဖြစ်နေတယ်လို့ သထုံမြို့မ ရဲစခန်း နဲ့ နီးစပ်သူတဦးကDNAကို ပြောပါတယ်။

“စခန်းမှူးတော့ ဒဏ်ရာ နည်းနည်းပါးပါးရတာရှိတယ်၊ ကျန်တဲ့ တပ်ဖွဲ့တွေပါ ပေါင်းရင်ငါးဦးလောက်ရှိပါတယ်၊ အဲဒီမှာ နှစ်ယောက်က တော့ နည်းနည်းစိုးရိမ်ရတယ်၊ အခုသူတို့တွေကို ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်၊ အ သက်အန္တရာယ်စိုးရိမ်ရလားဆိုတော့ ဟိုနှစ်ယောက်ကပဲ နည်းနည်းစိုးရိမ်ရတယ်လို့ ပြောလို့ရတယ်ပေါ့။ နောက် နေရာတခုက အဆောက်အဦနည်းနည်းပါးပါး ပျက်စီးတာလောက်ပဲ” လို့သထုံရဲစခန်းနဲ့နီးစပ်သူက ပြောပါတယ်။

 ဒီကနေ့ပစ်ခတ်တိုက်ခိုက်ခံရတဲ့ သိမ်ဆိပ်နယ်မြေရဲစခန်းနဲ့ ဝင်းပအခြေစိုက် ခြေမြန်တပ်ရင်း(၉)ဟာ တနေရာနဲ့တ နေရာသုံးမိုင်ဝန်းကျင်သာ ကွာဝေးပြီး နှစ်နေရာလုံး တပြိုင်တည်းတိုက်ခိုက်ခံရချိန်မှာ စစ်ကောင်စီဘက်က စစ်ကူ ပေး ပစ်ခတ်တာတွေမလုပ်ခဲ့ဘူးလို့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ဆိုပါတယ်။

ဒါပေမယ့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာပြီးချိန်မှာတော့ စစ်ကောင်စီဘက်က လက် နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာမျိုးတွေ ရှိခဲ့သလို လမ်းသွားလမ်းလာတွေကို ရှာဖွေပိတ်ဆို့စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သုဝဏ္ဏဝတီမြို့ခံ တဦးက ပြောပါတယ်။

“ ၁၀ နာရီခွဲ ၁၁ နာရီကျော်လောက်မှာပဲ ထင်တယ်၊ အဲချိန်တော့ စစ်သားတွေ ကားနဲ့ သွားလာတာမျိုးတွေ တွေ့ရ တယ်၊ တချို့နေရာ လမ်းတွေမှာလေ၊ အဲဒီနေရာတွေကို လမ်းသွားလမ်းလာတွေကိုပေါ့၊ ကားတို့၊ ဆိုင်ကယ်တို့ကို ရပ်ခိုင်းပြီး စစ်ဆေးတာတွေ ရှိတယ်၊တွေ့ခဲ့တယ်။ ဖမ်းခံရတာတော့ ကျွန်တော်မကြားမိပါဘူး” လို့ သူက ပြောပါတယ်။

သထုံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား ပစ်ခတ်တိုက် ခိုက်မှုတွေ  မကြာခဏ ဖြစ်လေ့သလို စစ်ကောင်စီလက်အောက်ခံ စစ်ရေးဂိတ်တွေ၊ ကင်းစခန်းတွေ၊ တပ်ရင်း စခန်းတွေလည်း မကြာမကြာ တိုက်ခိုက်ခံရလေ့ရှိပါတယ်။  

ဒီလိုအခြေအနေတွေကြောင့် သထုံမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဘက်က လုံခြုံရေး တင်းကျပ်ထား လေ့ရှိ သလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ လှုပ်ရှားရာနယ်မြေဘက်ကိုလည်း လက်နက်ကြီးတွေ ရမ်းသန်း ပစ်ခတ်တာတွေ ပိုလုပ်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။