ဧပြီ ၁၂
လူငယ်တွေကို ကမ္ဘာ့ထိပ်တန်း ဘောလုံးသမားတွေ ဖြစ်လာတဲ့ထိ ကူညီ မြေတောင်မြှောက် ပျိုးထောင်ပေးမယ်လို့ ကမ်းလှမ်းပြီး ဘရာဇီးက မိသားစုတွေကို ပစ်မှတ်ထား လိမ်လည်နေတဲ့ ဂိုဏ်းနှစ်ခုကို စပိန် ရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးခဲ့ပါတယ်။
အဲဒီ ဂိုဏ်းတွေဟာ ဘရာဇီးက မိသားစုတွေကို မျှော်လင့်ချက် အမှားတွေ ရောင်းစားနေတာလို့ စပိန် အာဏာပိုင်တွေက ပြောပါတယ်။ ဂိုဏ်းတွေက သူတို့ရဲ့ ကူညီ ပျိုးထောင်မှုအတွက် ကနဦးအဖြစ် ယူရို ၅၀၀၀ ထိ တောင်းဆိုပြီး လစဉ်ကြေး ယူရို ၁၇၀၀ လောက် ပေးသွင်းစေတယ်လို့ သိရပါတယ်။
ရဲတွေက ဒီလိုလိမ်လည်မှုနဲ့ ဆက်နွှယ်နေသူ စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးခဲ့ပြီး သူတို့လက်ချက်ကြောင့် မိသားစုပေါင်း ၇၀ လောက် လိမ်လည် ခံထားရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အလားတူ လှုပ်ရှားနေတဲ့ တတိယမြောက် ဂိုဏ်းတခုကိုနဲ့ ပတ်သက်ပြီးလည်း ရဲတပ်ဖွဲ့ ဆက်လက် စုံစမ်းနေပါတယ်။
ဘောလုံးအားကစားနဲ့ ပတ်သက်လို့ ရေခံမြေခံ ကောင်းမွန်တယ်လို့ သတ်မှတ်ခံရတဲ့ ဘရာဇီးမှာ လူငယ်တွေက သန်းကြွယ်သူဌေး ဘဝရောက်ဖို့အတွက် ဘောလုံး အားကစားအပေါ် အထူးမျှော်လင့်ချက် ထားလေ့ ရှိကြပါတယ်။ ဘရာဇီး မိသားစုတွေကို လိမ်လည်တဲ့ ဂိုဏ်းတွေက ကျူရှင်စရိတ်၊ အိမ်ငှားခ၊ စာရွက်စာတမ်းကြေး စသဖြင့်လည်း နောက်ထပ် နည်းလမ်းမျိုးစုံနဲ့ ငွေတောင်းတတ်ပြန်ပါတယ်။
ဒါပေမဲ့ လောလောဆယ် စုံစမ်း ဖော်ထုတ်မှုတွေအရ သူတို့ဟာ လူငယ်တွေကို ကောင်းကောင်းမွန်မွန် မထားဘဲ စုတ်ချာလှတဲ့ နေရာတွေမှာသာ နေထိုင်စေပြီး ကျွေးမွေးတဲ့ အစားအသောက်တွေကလည်း ညံ့ဖျင်းလွန်းတယ်လို့ သိရပါတယ်။ သူတို့ လိမ်လည်တာ ခံရတဲ့ လူငယ် အားလုံးနီးပါးလောက်ဟာ ဘရာဇီးနိုင်ငံက အသက် ၁၆ နှစ်နဲ့ ၂၃ နှစ်ကြား အရွယ်တွေပါ။
မခံမရပ်နိုင် ဖြစ်လာတဲ့ လူငယ် ကစားသမား တချို့က အဲဒီဂိုဏ်းတွေအကြောင်း ရဲတွေဆီ သတင်းပေး တိုင်ကြားတဲ့နောက် အခုလို ဖမ်းဆီးမှုတွေ စတင်ခဲ့တာလို့လည်း သိရပါတယ်။