ဧပြီ ၁၂
မန်ချက်စတာ စီးတီးနဲ့အတူ ပွဲဦးထွက် ဘောလုံးရာသီမှာ အံ့မခန်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ တိုက်စစ်မှူး အာလင်းဟာလန်းဟာ အခုအခါမှာတော့ စံချိန်သစ် တခုကို ထပ်တင်လိုက်ပြန်ပြီ ဖြစ်ပါတယ်။
ဧပြီ ၁၁ ရက် ညပိုင်းက ဥရောပ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဂျာမန် ချန်ပီယံ ဘိုင်ယန်မြူးနစ်ကို စီးတီးက ၃-၀ နဲ့ အနိုင်ရခဲ့ပြီး ဟာလန်းက ၁ ဂိုး သွင်းခဲ့ပါတယ်။ ၇၅ မိနစ်မှာ သွင်းယူတဲ့ အပိတ်ဂိုးဟာ နော်ဝေး လက်ရွေးစင်အတွက် အခုရာသီမှာ ကလပ်အသင်း ပြိုင်ပွဲစုံမှာ ၄၅ ဂိုးမြောက် သွင်းဂိုးကို ရရှိခဲ့ပါတယ်။
ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရုဒ် ဗန်နစ္စတန်ရွိုင်းက ၂၀၀၂/၀၃ ဘောလုံးရာသီမှာ၊ လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလားက ၂၀၁၇/၁၈ ဘောလုံးရာသီမှာ အသီးသီး ရရှိခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် အခြေစိုက် ကစားသမား တဦးအတွက် တရာသီ ဂိုးသွင်း အများဆုံး စံချိန်ကို ဟာလန်းက ကျော်တက်သွားခဲ့ပါတယ်။
နစ္စတယ်ရွိုင်းနဲ့ ဆာလားတို့ဟာ တရာသီလုံးမှာ ကလပ်အသင်း အသီးသီးအတွက် ၄၄ ဂိုးစီ သွားဖို့ ၅၂ ပွဲစီ ကစားခဲ့ရပေမယ့် ဟာလန်းကတော့ ၃၉ ပွဲသာ ကစားပြီး ၄၅ ဂိုးထိ ရရှိခဲ့တာပါ။ နောက်ပြီး ဘောလုံးရာသီကလည်း ၄ ပုံ ၁ ပုံလောက် ကျန်နေသေးတာကြောင့် သူ့ရဲ့ သွင်းဂိုးတွေက ထပ်တိုးလာမယ့် အလားအလာ ရှိနေပါတယ်။
အသက် ၂၂ နှစ်သာ ရှိသေးတဲ့ ဟာလန်းဟာ လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးအဆင့် တိုက်စစ်မှူး တဦးအဖြစ် သတ်မှတ် ခံထားရသလို စီးတီးမှာလည်း လျင်လျင်မြန်မြန် အံဝင်လာပြီး ဂိုးတွေ သွင်းနေတာ ဖြစ်ပါတယ်။ သူဟာ လက်ရှိ ဘောလုံးရာသီ မစခင်ကမှ ဂျာမန်ကလပ် ဘိုရပ်ရှား ဒေါ့မန်ကနေ စီးတီးဆီ ပြောင်းရွှေ့လာခဲ့တာပါ။ ဟာလန်းဟာ စီးတီး ကစားသမား ဘဝမှာ တပွဲတည်း ၃ ဂိုးအထက် သွင်းတဲ့ Hat-Trick ၆ ကြိမ်လည်း ရထားပြီးပါပြီ။
ဟာလန်ဟာ စီးတီး ကစားသမား တဦးအတွက် တရာသီ အမြင့်ဆုံး ဂိုးသွင်းစံချိန်ကိုလည်း မတ်လ ကတည်းက ချိုးဖျက်ခဲ့ပြီးပါပြီ။ သူဟာ အဲဒီတုန်းက အသင်းအတွက် ၃၉ ဂိုးမြောက်ကို သွင်းခဲ့တဲ့နောက် ၁၉၂၉ ခုနှစ် ကတည်းက တည်တံ့နေခဲ့တဲ့ တော်မီဂျွန်ဆန်ရဲ့ စံချိန် မှတ်တမ်းဟောင်းကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။