ကန့်ဘလူ၊ ပဇီးကြီးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်လုပ်နေ

ဧပြီ၊ ၁၁

 
စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းမှာ တိုက်ခိုက်ရေးလေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတာ၊ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်တာကြောင့် ဒေသခံဒါဇင်နဲ့ချီ သေဆုံးထားတဲ့ ပဇီးကြီးရွာကို အခုညနေပိုင်းအထိ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ ထပ်လုပ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
 
ဒီကနေ့မနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေနဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို ကောက်ယူရှင်းလင်းလို့ မပြီးသေးခင်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ်နေတာလို့ ဆိုပါတယ်။
 
တံတားဦး လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်ခိုက်ရေးလေယာဉ်တစီးက ဒီကနေ့ ညနေ ငါးနာရီခွဲ ဝန်းကျင်မှာ ဒုတိယအကြိမ်ပစ်ခတ်တိုက်ခဲ့တာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြထားပါတယ်။
 
လက်ရှိမှာ မြေပြင်အခြေအနေရှုပ်ထွေးနေတာကြောင့် ကနဦးသေဆုံးထိခိုက်မှုနဲ့ နောက်ဆက်တွဲ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးသူ ထပ်တိုးတာရှိ မရှိ အတိအကျ မသိရသေးပါဘူး။
 
“ အလောင်းကောက်တဲ့သူတွေလည်း ကြာကြာမလုပ်နိုင်ဘူး၊ ညှော်တွေလည်း ထောင်းထောင်းထ၊ အမှိုက်တွေပုံပြီး ရှို့နေရသလိုပဲ၊ တရွာလုံးမှာလည်း မကျန်တော့ဘူး၊ အကုန်ပြေးကုန်ကြပြီ အခု၊ ရဲဘော်တွေလည်း ဘေးနားက လာလုပ်ပေးပေမယ့် ကြာကြာမလုပ်နိုင်ဘူး၊ ကျစ်ကျစ်တောက်ပူနေတာလေ ” လို့ တိုက်ခိုက်ခံရတဲ့နေရာမှာ ကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ဒေသခံတဦးက ဒီကနေ့နေ့လယ်ပိုင်းမှာ ပြောပါတယ်။
 
ဒီကနေ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ပဇီးကြီးကျေးရွာဟာ ကန့်ဘလူမြို့နယ်တောင်ပိုင်း ဧရာဝတီမြစ်ကမ်းအနီးက ကျေးရွာတရွာဖြစ်ပြီး အဲ့ဒီရွာရဲ့ ငါးမိုင်၊ ခြောက်မိုင်ဝန်းကျင်အကွာက မလယ်ရွာမှာ စစ်ကောင်စီက တပ်စွဲထားတာရှိတယ်လို့ ဒေသခံတဦးက DNA ကိုပြောထားပါတယ်။
 
လေကြောင်းက တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူစုစုပေါင်း တရာဝန်းကျင်အထိ ရှိနိုင်တယ်လို့ ဒေသခံတွေကဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လူ့အခွင့်အရေးဝန်ကြီးဌာနကတော့ ဒီကနေ့မနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် (၅၃)ဦးသေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပါတယ်။