ခင်ဦးမှာစစ်ကောင်စီကပစ်လို့ အသက် ၁၂နှစ် အရွယ်ကလေးငယ်တဦးအပါအဝင် ခြောက်ဦးဒဏ်ရာရ၊ ဒေသခံထောင်ချီစစ်ရှောင်နေရ

ဧပြီ၊ ၁၁
 
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၂ အရွယ် ကလေးငယ်တဦး အပါအဝင် စစ်ရှောင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံထောင်နဲ့ချီ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
 
“ အခုလက်ရှိ ဆေးကုသမှုခံယူနေရတုန်းက ၁၂ နှစ်အရွယ်ကလေးငယ်နဲ့ အသက် ၅၀ အရွယ်တဦးပဲ ရှိပါတယ်၊ ကျန်သူတွေကတော့ သာမာန်ဒဏ်ရာလောက်ပဲ ဖြစ်တာပါ။ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့တာဖြစ်တယ် ” လို့ စစ်ရှောင်ပြည်သူတဦးက DNA ကို ပြောပါတယ်။
 
ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ကိုသာစစ်လင်းကလည်း လက်ရှိ အင်းပါတ်၊ ချမ်းသာကုန်း၊ ရွာသစ်၊ ကုန်းသာ၊ မရမ်းအင်း၊ ညောင်ပင်ခြံနဲ့ ဆည်ကြီးရွာတွေက ဒေသခံတွေသုံးထောင်ခန့်ဟာ ဒီကနေ့မနက်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
 
လက်ရှိမှာတော့ စစ်ကြောင်းနဲ့ ဝေးတဲ့ ဒေသက ကျေးရွာဒေသခံတွေ အိမ်ပြန်ကြတဲ့အတွက် လက်ရှိဒေသခံတထောက်ကျော်သာ ကျန်တယ်လို့ သိရပါတယ်။
 
စစ်ကိုင်းတိုင်းထဲက စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ မြို့နယ် ၁၄ မြို့နယ်ထဲက တခုဖြစ်တဲ့ ခင်ဦးမြို့နယ်ထဲက ရွာသစ်ကျေးရွာနဲ့ အင်းပက်ကျေးရွာကို ဒီကနေ့ ဧပြီ ၁၁ ရက် မနက် ၆ နာရီ ၃၀ မိနစ်အချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အား ၆၀ ခန့်နဲ့ ရေဦးမြို့ကနေ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပါတယ်။
 
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်စီတပ်တွေ ထိခိုက်မှုများပြားတာကြောင့် ရေဦးမြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
အင်းပက်ကျေးရွာက နေအိမ်တလုံးပေါ်ကို လက်နက်ကြီးကျလို့ ထိခိုက်ပျက်စီးခဲ့ပြီး သဲကုန်းကြီးကျေးရွာကနေ ထွက်မပြေးနိုင်ခဲ့လို့ ကျန်ခဲ့တဲ့ ဒေသခံတဦးလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
 
အင်းပက်ကျေးရွာက ဒေသခံတွေဟာ ၂၀၂၂ ခုနှစ်၊ မေလက နေအိမ်တွေမီးရှို့ခံရပြီး မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် ရွာမှာမနေကြတော့ဘဲ တောထဲနဲ့ စာသင်ကျောင်းတွေ၊ ဇရပ်တွေမှာပဲ နေထိုင်နေကြရပါတယ်။
 
ခင်ဦးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးချိန်ကနေ စတင်ပြီး ဒီကနေ့အချိန်ထိ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားပေါင်း ၂၇၅ ဦး ကိုစစ်ကောင်စီက သတ်ဖြတ်ခဲ့ပါတယ်။
 
ဒါ့အပြင် ကျေးရွာပေါင်း ၆၈ ရွာက ပြည်သူပိုင် နေအိမ် ၄၁၇၆ လုံး ကိုလည်း စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်စီးခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးရဲ့အချက်အလက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – ခင်ဦးသတင်းမှန်ပြန်ကြားရေး