လေလံပွဲမှာ ဒေါ်လာ ၂၅ သန်းကျော်နဲ့ ရောင်းချခဲ့တဲ့ တရုတ် ရှေးဟောင်း လက်ဖက်ရည် ပန်းကန်လုံး

ဧပြီ၊ ၁၁

အနုစိတ် ဒီဇိုင်းပုံဖော် ရေးဆွဲထားတဲ့ ရှေးဟောင်း တရုတ် ကြွေထည် လက်ဖက်ရည် ပန်းကန်လုံးလေး တလုံးကို ဒေါ်လာ ၂၅ သန်းကျော်နဲ့ လေလံတင် ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။

 ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဟောင်ကောင်မှာ ပြုလုပ်တဲ့ လေလံပွဲမှာ အဲဒီ ကြွေထည် ပန်းကန်လုံးလေးဟာ အံ့ဩစရာ စျေးမျိုး ရရှိခဲ့တယ်လို့ Sotheby လေလံဌာနက အတည်ပြုခဲ့ပါတယ်။ ၁၈ ရက်စု လက်ရာ ပန်းကန်လုံးလေးဟာ တရုတ်နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အရမ်းအရေးပါတဲ့ အမွေအနှစ် လက်ရာတခုလို့ တင်စားနိုင်ကြောင်း Sothebyက ဆိုပါတယ်။

 အဝ ၄ လက်မခွဲ အကျယ်ရှိတဲ့ ကြွေပန်းကန်လုံးလေးဟာ ယောင်ရှန်း ဘုရင် လက်ထက် ၁၇၂၂ ကနေ ၁၇၃၅ ခုနှစ်အတွင်း ဘေဂျင်း မြို့တော်က တော်ဝင် ကြွေထည် အလုပ်ရုံမှာ သွန်းလုပ်ထားခဲ့တာ ဖြစ်ပါတယ်။ ထီးသုံးနန်းသုံး အငွေ့အသက်တွေ လွှမ်းမိုးနေပြီး အနုစိတ် ရေးခြယ်ထားတဲ့ အနုပညာမြောက် ပန်းချီလက်ရာတွေ ပါရှိတဲ့ ပန်းကန်လုံးလေးကို အမည်မဖော်လိုသူ တဦးက ဟောင်ကောင်ဒေါ်လာ ၁၉၈.၂ သန်း၊ တနည်းအားဖြင့် အမေရိကန်ဒေါ်လာ ၂၅.၃ သန်းနဲ့ ဝယ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

 ပန်းကန်လုံးလေးရဲ့ ကိုယ်ထည်မှာ ပျံလွှားငှက် နှစ်ကောင်၊ အသီးတွေ ဝေဆာနေတဲ့ မက်မွန်ပင်နဲ့ မိုးမခပင်တွေရဲ့ ပုံတွေကို ရေးခြယ်ထားပြီး ယောင်ရှန်း ဘုရင် မတိုင်ခင် ဝမ်လီဘုရင် လက်ထက်က အသိအမှတ်ပြု ချီးမြှင့်ခဲ့တယ်လို့ ယုံကြည်ရတဲ့ တော်ဝင်ကဗျာ တပုဒ်ထဲက ကောက်နုတ်ချက် စာသားတချို့ကိုလည်း ရေးထိုးထားပါတယ်။

 အဲဒီ ပန်းကန်လုံးမျိုးက တစုံရှိနေတာဖြစ်ပြီး ၁၉၂၉ ခုနှစ်မှာတော့ တသီးတခြားစီ ခွဲပြီး နောက်တလုံးကို အဲဒီတုန်းက စတာလင်ပေါင် ၁၅၀ နဲ့ ရောင်းချတာ ခံခဲ့ရပါတယ်။ နောက်ထပ် ပုံစံတူ ပန်းကန်လုံးလေးဟာ အခုအခါမှာတော့ လန်ဒန်မြို့က ဗြိတိန် ပြတိုက်ထဲမှာ ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။