ဗယ်လ်ဗာဒီနဲ့ ပြဿနာအပြီး အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ကြုံနေရတယ်လို့ ဗီလာရီးရဲလ် ကစားသမားဆို

ဧပြီ၊ ၁၁

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဖက်ဒရေကို ဗယ်လ်ဗာဒီနဲ့ ဖြစ်ပွားခဲ့တဲ့ ပြဿနာအပြီး သူနဲ့ သူ့မိသားစုဟာ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကိုပါ ရင်ဆိုင် ကြုံတွေ့နေရကြောင်း ဗီလာရီးရဲလ် တောင်ပံ တိုက်စစ် ကစားသမား အဲလက်စ် ဘေနာက ဖွင့်ဟခဲ့ပါတယ်။

 ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရီးရဲလ်ရဲ့ အိမ်ကွင်းမှာ လာလီဂါ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ပြီး ဗီလာရီးရဲလ်က ၃-၂ နဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲစဉ်အပြီးမှာ သူဟာ ဥရုဂွေ လက်ရွေးစင် ဗယ်လ်ဗာဒီရဲ့ ကိုယ်ထိလက်ရောက် ထိုးကြိတ် ရန်ပြုမှုကို ခံခဲ့ရကြောင်း ဘေနာက မက်ဒရစ် ရဲတပ်ဖွဲ့ဆီ တိုင်ကြားခဲ့ပါတယ်။

 နောက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေအရ အသက် ၂၁ နှစ်အရွယ် ဘေနာဟာ ပွဲကစားနေချိန် တလျှောက်လုံး ဗယ်လ်ဗာဒီရဲ့ဇနီး ကိုယ်ဝန် ပျက်ကျခဲ့ဖူးတဲ့ ကိစ္စကို လှောင်ပြောင်ပြီး ပြိုင်ဘက်ကို တောက်လျှောက် စိတ်အနှောင့်အယှက် ပေးခဲ့တာကြောင့် ဗယ်လ်ဗာဒီက ကားပါကင်ထဲမှာ ဘေနာကို ထိုးကြိတ်ခဲ့တာလို့ သိရပါတယ်။

 အဲဒီအခြေအနေအရ ဘေနာဟာ ထိုးကြိတ်မှု ခံရသူ ဖြစ်တဲ့တိုင် ပရိသတ် အများစုရဲ့ စာနာမှုကို မရတော့ဘဲ ဝေဖန် ရှုတ်ချမှုတွေ ခံနေရပါတယ်။ ဗယ်လ်ဗာဒီရဲ့ ဇနီးဟာ ကိုယ်ဝန်ပျက်ကျပြီး မမွေးသေးတဲ့ ကလေးငယ်ကို ဆုံးရှုံးခဲ့ရပါတယ်။

 ဗီလာရီးရဲလ်က သူတို့ရဲ့ ကစားသမားဟာ အသင်းဘတ်စ်ကားဆီ အသွားမှာ တစုံတဦးရဲ့ ရန်လို တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း ကြေညာပါတယ်။ ဒါပေမဲ့ ကျူးလွန်သူဟာ ဗယ်လ်ဗာဒီ ဖြစ်တယ်လို့တော့ ထည့်ပြောမထားပါဘူး။

 အဲဒီ တိုက်ခိုက်ခံရမှု အပြီးမှာ သူဟာ ခြိမ်းခြောက်မှုတွေ အများကြီးနဲ့ ကြုံခဲ့ရကြောင်း၊ သူ့အသက်ကို ခြိမ်းခြောက်တဲ့အပြင် မိသားစုကိုပါ ဒုက္ခပေးမယ် ဆိုတာမျိုး အွန်လိုင်းကနေ စာရေးသား ပေးပို့မှုတွေ ရှိလာကြောင်း ဘေနာက ပြောပါတယ်။ သူနဲ့ ပတ်သက်လို့ စွပ်စွဲပြောဆိုချက်တွေကို ပြန်လည် ကြားသိရပေမယ့် ဒီကိစ္စတွေ မှန်မမှန် ဆိုတာကို ဘယ်သူမှ အတိအကျ အတည်မပြုနိုင်ကြောင်းလည်း ဘေနာက ဆိုပါတယ်။

 ဗယ်လ်ဗာဒီရဲ့ ချစ်သူ မီနာ ဘိုနီနိုဟာ ဖေဖော်ဝါရီလတုန်းက သူတို့ရဲ့ ရင်သွေးလေးကို မမွေးဖွားခင် ဆုံးရှုံးလိုက်ရတယ်လို့ ကြေညာခဲ့ပါတယ်။ စပိန် မီဒီယာတွေကတော့ ဘေနာဟာ အဲဒီအကြောင်းအရာကို ပွဲကစားနေချိန်မှာ လှောင်ပြောင်ရင်း ဗယ်လ်ဗာဒီကို စိတ်ဒုက္ခ ပေးခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။

 ဘေနာကတော့ အဲဒီ စွပ်စွဲချက်တွေ လုံးဝ မမှန်ဘူးလို့ ငြင်းဆိုထားပြီး သူနဲ့ သူ့မိသားစုဟာ ခြိမ်းခြောက်မှု၊ စော်ကားမှုတွေနဲ့လည်း မထိုက်တန်ဘူးလို့ ပြောပါတယ်။ ဖြစ်ရပ်တိုင်းကို ရဲတပ်ဖွဲ့ဆီ စုံစုံလင်လင် အသိပေး တိုင်ကြားထားပြီး တရားမျှတမှုကို တိတိကျကျ ဖော်ထုတ်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း သူက ဆက်ပြောခဲ့ပါတယ်။

 အခုပွဲ အရှုံးရလဒ်ကြောင့် ဒီရာသီ ရီးရဲလ်အသင်းရဲ့ လာလီဂါ ချန်ပီယံ မျှော်လင့်ချက်က ပိုမို မှုန်ဝါး ပျောက်ကွယ်သွားပါတယ်။ ဘေနာနဲ့ ဖြစ်ခဲ့တဲ့ ပြဿနာကိုတော့ ဗယ်လ်ဗာဒီရော၊ ရီးရဲလ် အသင်းကပါ ဘာမှတ်ချက်မှ လောလောဆယ် မပေးသေးပါဘူး။