နယ်ဝေးရထားခရီးစဉ်လက်မှတ် မှောင်ခိုဈေးကွက်ဖြစ်နေပြီး ပုံမှန်ထက် ဈေးနှစ်ဆမြင့်တက်

ဧပြီ၊ ၁၀

သင်္ကြန်ကာလအကြိုနေရပ်ပြန်သူတွေများလာချိန် နယ်ဝေးရထားလက်မှတ် မှောင်ခိုအရောင်းအဝယ် ဈေးကွက် ပေါ်လာသလို ဈေးနှုန်းကလည်း ပုံမှန်ထက် နှစ်ဆလောက်မြင့်တက်လာတယ်လို့ နယ်ဝေးရထားခရီးစဉ် စီး နင်းသူတွေဆီက စုံစမ်းသိရှိရပါတယ်။

ရန်ကုန်ဘူတာကြီးတရားဝင် သတ်မှတ်ဈေးနှုန်းတွေအရ နယ်ဝေးရထားခရီးစဉ်တွေကို ရိုးရိုးတန်း ကျပ် (၃၅၅၀)နဲ့ အထူးတန်းလက်မှတ်တွေကိုတော့ ကျပ် (၇၀၅၀)ကနေ (၁၅၀၀၀)အထိ ခရီးစဉ်အလိုက်ဈေးနှုန်းတွေသတ်မှတ် ထားပေမယ့် မှောင်ခိုဈေးကွက်မှာဝယ်ယူရင်တော့ မူလထက် နှစ်ဆလောက်ပေးရတယ်လို့ ဆိုပါတယ်။

လက်ရှိ ရထားလက်မှတ်မှောင်ခိုဈေးကွက်မှာ ရိုးရိုးတန်း လက်မှတ်ကို ကျပ် (၇၀၀၀)၊အထူးတန်းလက်မှတ်ကို ကျပ်နှစ်သောင်းလောက်အနိမ့်ဆုံး ပေးဝယ်နေရတယ်လို့ ရထားခရီးစဉ်အသုံးပြုသူတွေက ပြောကြပါတယ်။

“ရုံမှာရောင်းခတွေက ပုံမှန်စျေးပဲရောင်းကြတယ်၊နယ်​ပြန်မယ့် သူတွေအရမ်းများတာရယ်၊ လက်မှတ်ရုံတွေ ကအ ကန့်သတ်နဲ့ရောင်းတာဆိုတော့မှောင်ခိုမှာပဲအဝယ်ရှိနေတယ်၊ မှောင်ခိုမှာကစျေးကြီးတယ်ဗျ”လို့ မှောင်ခိုရထား လက်မှတ်ဝယ်ယူခဲ့တဲ့ ခရီးသည်တဦးက DNA ကိုပြောပါတယ်။

နယ်ဝေးရထားခရီးစဉ်လက်မှတ်တွေကို ကြိုတင်စနစ်နဲ့ရောင်းချပေးနေတာဖြစ်ပြီး  အထက်တန်းတွဲလက်မှတ် တွေကို သုံးရက်၊ ရိုးရိုးတန်းလက်မှတ်​တွေကို တရက်ကြိုတင်ဝယ်ယူရတာပါ။ဒါပေမယ့် အဲ့ဒီလို ကြိုတင်ဝယ် ယူရာမှာ လက်မှတ်မရတာ၊ တန်းစီးစောင့်ဆိုင်းရတဲ့အချိန်ကြာမြင့်တာ တွေကြောင့်မှောင်ခိုဈေးကွက်က တဆင့် ဝယ်ယူကြသူတွေပိုများလာတယ်လို့ ရန်ကုန်မြို့ခံခရီးသွားတဦးကဆိုပါတယ်။

ဒါ့အပြင်မှောင်ခိုမီးရထားလက်မှတ်ခတွေကိုအွန်လိုင်းကနေတဆင့် ရောင်းချပေးနေတာတွေလည်းရှိနေပြီး ဒီလို မှောင်ခိုရောင်းချမှုတွေမှာ မီးရထားဝန်ထမ်း၊လက်မှတ်အရောင်းဝန်ထမ်းတွေနဲ့ မီးရထားရဲတွေ ပါဝင်ပတ် သက် နေတယ်လို့လည်း ဝေဖန်မှုတွေရှိနေပါတယ်။

“လက်မှတ်တွေကြိုတင်ဝယ်ရတာဆိုပေမယ့်တကယ်တမ်းကမှောင်ခိုသမားလက်ထဲပဲရောက်ကုန်တယ်၊သွား ဝယ် ရင်လက်မှတ်ကုန်တာနဲ့တိုးတာတို့တနေကုန်စောင့်တောင်လက်မှတ်မရတာဆိုတော့မှောင်ခိုသမားတွေဆီကပဲဝယ်ကြတာများတယ်၊ မှောင်ခိုရောင်းတဲ့သူတွေဆိုတာက လည်းမီးရထားရဲတွေလက်မှတ်အ ရောင်းသမားတွေက လုပ် စားနေတာကြာပြီ” လို့ ရထားခရီးစဉ်အသုံးပြုတဲ့ ခရီးသည်တဦးကဆိုပါတယ်။

သင်္ကြန်ကာလအကြိုနယ်ဝေးမီးရထားခရီးစဥ်​တွေအဖြစ်ရန်ကုန် – မန္တလေး၊ မန္တလေး – ရန်ကုန်၊ နေပြည်တော် – ရန်ကုန်၊ ရန်ကုန်- မော်လမြိုင်၊ ရန်ကုန် – ပြည် နဲ့ ပြည် – ရန်ကုန်စတဲ့အထူးရထားတွေကို ဧပြီလ ၇ ရက်ကနေ ၁၂ ရက်အထိပြေးဆွဲပေးနေပြီး သင်္ကြန်နှစ်သစ်ကူးကာလမှာတော့ ဧပြီ ၁၆ရက်အထိ ရထားခရီးစဉ်တွေရပ်နား ထား မယ်လို့ မြန်မာ့မီးရထားကကြေညာထားပါတယ်။

နယ်ဝေးရထားခရီးစဉ်စီးနင်းအသုံးပြုတဲ့ နေ့စဥ်ပုံမှန် ခရီးသည် (၄၀၀၀)ဝန်းကျင်သာရှိခဲ့ပေမဲ့ နှစ်သစ်ကူးအကြို အတွင်း မှာတော့နေ့စဥ်ခရီးသည်ဦးရေ တစ်သောင်းနီးပါးအထိ ရှိနေတယ်လို့လည်း ရန်ကုန်ဘူတာကြီး လက်မှတ် အရောင်းဌာနကဆိုပါတယ်။