ပင်လောင်းမြို့ရှိ စစ်အုပ်စုဂိတ်တွေက ရိက္ခာသယ်ယူတာကန့်သတ်လို့ စစ်ရှောင်ငါးထောင်ခန့် အခက်အခဲတွေ့

ဧပြီ၊ ၉
 
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တောင်ဖက်သို့သွားလာတဲ့ လမ်းပိုင်းရှိ စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်တွေက ဆန်၊ ဆီ၊ ဆား စတဲ့အခြေခံ စားသောက်ကုန်သယ်ယူတာနဲ့ ပတ်သက်ပြီး ကန့်သတ်တာတွေ လုပ်နေတဲ့အတွက် စစ်ရှောင်ငါးထောင်ခန့်ဟာ စားနပ်ရိက္ခာအခက်အခဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေက ဆိုကြပါတယ်။
 
ပင်လောင်းမြို့ အဝင်အထွက်ဂိတ်အပါအဝင် နောင်တရား၊ အောင်ပန်းမြို့ အဝင်စတဲ့ဂိတ်တွေမှာ ကုန်ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ သယ်ယူခွင့်ပြုနေသလို ပင်လောင်း တောင်ဖက်သွားတဲ့ ပြည်ထောင်စုလမ်းမကြီးမဟုတ်တဲ့ တခြားလမ်းပိုင်းတွေကို ပိတ်ပင်ထားတယ်လို့ ဆိုကြပါတယ်။
 
” စစ်ရှောင်ကူညီဖို့အတွက်ဆိုရင် သယ်လို့မရဘူး။ ပစ္စည်းတွေ အများကြီးယူမရဘူး အဝတ်အထည်၊ ဆေးဝါးကအစ စားသောက်ကုန်စည်တွေကို သူတို့က အကန့်အသတ်နဲ့သယ်ခိုင်းတယ်။ နည်းနည်းပဲ သယ်တယ်ဆိုရင်တောင် ထောက်ခံစာပါမှ သယ်ခွင့်ရှိတယ်။ အရင်ကဆိုရင် ကယားဖက်စားသောက်ကုန်တွေ ဝင်လာတာများတယ်။ အခုတိုက်ပွဲတွေဖြစ်နေတာ လွတ်လွတ်လပ်လပ်သယ်ခွင့်မရဘူး ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ကရင်နီဒေသနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းအစပ် ဒေသတွေဖြစ်တဲ့ ပင်လောင်း၊ ဖယ်ခုံမြို့နယ်တွေနဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်နေသလို စစ်အုပ်စုက ရဟက်ယာဉ်နဲ့ နေ့တိုင်းပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
အဲဒီတိုက်ပွဲတွေကြောင့် ပင်လောင်းမြို့တောင်ပိုင်းမှာ စစ်ရှောင်ပြည်သူတွေ တိုးတိုးလာတယ်လို့ သူတို့ကို ကူညီပေးနေတဲ့သူတွေက ဆိုပါတယ်။
 
” တောင်ဖက်ကရွာတွေမှာ စစ်ရှောင်တွေတိုးနေတယ်။ ခေါင်အိတို့ ဘောတန်းရွာ တွေဖက်စစ်ရှောင်နေကြတယ်။ တိုးလာတဲ့ စစ်ရှောင်တွေက မြောက်ပိုင်းမလာဘူး တောင်ပိုင်းသွားကြတာ အဲဖက်သူတို့ အမျိုးတွေများလို့ပါ။ တိုက်ပွဲဖြစ်နေတော့ စစ်ဆေးရေးက ကျပ်တယ်။ တချို့နေရာတွေဆို လုံးဝပေးမဖြတ်တော့ဘူး။ အထဲဝင်တဲ့ ကားလမ်းပေါ့ ပြည်ထောင်စုလမ်းတော့ မဟုတ်ဘူး။ အဲလမ်းတွေ သွားမရဘူး။ ပင်လောင်ကနေ တောင်ဖက်သွားတဲ့ ကားလမ်းတွေပေါ့။ စားသောက်တွေ သယ်မရတော့ စစ်ရှောင်တွေ အခက်အခဲရှိတာပေါ့ ” လို့ သူကပြောပါတယ်။
 
ပင်လောင်းမြို့ မြောက်ပိုင်းမှာ လတ်တလော စစ်ရှောင်တွေ တိုးလာတာမရှိပေမယ့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေရှိနေသေးသလို နီးစပ်ရာတွေမှာ ကူညီစောင့်ရှောက်ပေးနေရသေးတယ်လို့ သူကပြောပါတယ်။
 
” လောလောဆယ်ဆေးဝါးတွေက အထောက်အပံ့မရှိသေးတော့ လိုအပ်နေသေးတယ်။ အခု ခြင်တွေလည်း ပေါလာတော့ ပြန်ဖျားလာကြတယ်။ စစ်ရှောင်စခန်းတွေမှာ ဆေးဝါးတွေမထားနိုင်ဘူး ရက်ခြားပဲ ကုပေးနေရတယ်။ မြောက်ပိုင်းမှာ စစ်ရှောင်က ၅၀၀၀ ကျော်လောက်ရှိတယ် ” လို့ စစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။
 
ပင်လောင်းမြို့တောင်ဖက်နဲ့ အနီးတဝိုက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပေါ်ခဲ့ပြီး နေစဉ်ဆိုသလို တိုက်ပွဲတွေဖြစ်နေတာ နှစ်လလောက်ရှိပြီလို့ ဒေသခံတဦးက ပြောပါတယ်။
 
” စစ်ရှောင်တွေကို စကစနဲ့သူတို့အဖွဲ့တွေက စောင့်ကြည့်တာတွေရှိတယ်။ အဲတော့ကူညီသူတွေ အခက်အခဲရှိတာပေါ့။ ကန့်သတ်တာတွေလုပ်တော့ အခုပုံမှန်စားနေကျ ဆန်တအိတ်က အရင်က ငါးသောင်းလောက်ရှ်တာ အခုတသိန်းလောက်ဈေးတက်သွားတယ်။ အခြားဟာတွေလည်း အကုန်ဈေးတက်နေတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
‘’ အစားလျှော့စားရတယ်တော့ မဟုတ်ဘူးပေါ့။ ဆွေမျိုးအိမ်တွေမှာ မျှစားရတာပေါ့။ တခါတလေ ဆန်ဝေရင် လိုက်ယူရတယ် ’’ လို့ ဖြည့်စွက်ပြောပါတယ်။
 
စစ်အုပ်စုဂိတ်တွေက အခုလို ရိက္ခာတွေသယ်ယူတာကို ကန့်သတ်နေတာဟာ ဒေသတွင်းက တော်လှန်နေတဲ့ အင်အားစုကို ရိက္ခာပြတ်တောက်အောင် ရည်ရွယ်လုပ်ဆောင်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ကြပါတယ်။
 
‘’ အရင်က တိုက်ပွဲမဖြစ်ရင် အားလုံးသယ်ရတယ်လေ။ အခုလို တိုက်ပွဲဖြစ်နေချိန်မှာ သယ်ခွင့်မပေးတာ ရိက္ခာဖြတ်တောက်ချင်တာ ပါမှာပေါ့လေ။ သူတို့က တော်လှန်ရေးသမားတွေကို လုပ်တယ်ဆိုပေမယ့် လူထုကိုပဲ ထိနေတာပါ ’’ လို့ ဒေသခံတဦးက ပြောပါတယ်။
 
မြန်မာစစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ဖြတ်လေးဖြတ်လို့ခေါ်တဲ့ ရိက္ခာဖြတ်၊ ငွေဖြတ်၊ သတင်းအချက်အလက်နဲ့ လူသစ်စုဆောင်းလို့မရအောင် ဖြတ်တောက်တာ နှစ်ပေါင်းများစွာကျင့်သုံးခဲ့တာလည်း ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံမှာ ဒီနှစ်မတ်လ ၂၇ ရက်အထိတိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒဿမ ၈ သန်းကျော်အနက် ၁ ဒဿမ ၄ သန်းကျော်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး စွန့်ခွာထွက်ပြေးရသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA ) ထုတ်ပြန်ထားပါတယ်။
 
နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံဖြစ်တဲ့ လူပေါင်း ၁၇ ဒဿမ ၆သန်းကျော်ဟာလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး ပဋိပက္ခဖြစ်နေတဲ့ ကျေးလက်ဒေသက ဆိုးဆိုးဝါးဝါးအကူအညီလိုအပ်နေတဲ့ သူပေါင်း ၄ ဒဿမ ၅ သန်းရှိတယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ – CJ