ပြည်သူ့ရင်ပြင်အတွင်းက ဗဟိုမဏ္ဍပ်နား ဗုံးထပ်မံပေါက်ကွဲမှုဖြစ်ပွား

 

ဧပြီ၊ ၉
 
ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နဲ့ ပြည်သူ့ဥယျာဉ်အတွင်းမှာ ဆောက်လုပ်ထားတဲ့ စစ်ကောင်စီရဲ့ရန်ကုန်တိုင်း ဗဟိုမဏ္ဍပ်အနီးမှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကျင်းပမယ့်သင်္ကြန်ကို နှစ်ရက်ဆက်တိုက် ဗုံးခွဲမှုဖြစ်ပွားတာလည်း ဖြစ်ပါတယ်။
 
” ၉နာရီကျော်လောက်က ပေါက်တာ။ ကျွန်တော်တို့က ကလေးတွေနဲ့ ရင်ပြင်ထဲကဆိုင်မှာ မနက်မုန့်စားပြီး ပြည်လမ်းဘက်အထွက် ကားငှားနေတဲ့အချိန်မှာ ပေါက်တာ။ လူထိတာ ရှိ၊ မရှိတော့ မသိရဘူး ” လို့ အဲ့ဒီမျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။
 
ပေါက်ကွဲမှုဟာ နှစ်ကြိမ်တိုင်တိုင်ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုအပြီးမှာတော့ တိုင်းအစိုးရရုံးထဲမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားအချို့နဲ့ ရဲအချို့က လာရောက်စစ်ဆေးတာအပြင် DC ကားနှစ်ခန့်လည်း ရောက်ရှိလာပြီး စစ်ဆေးတာတွေလုပ်တာကို တွေ့မြင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
 
” မနက်က အလုပ်အသွားတော့ ပြည်လမ်း၊ မြို့ထဲဘက် အသွားရော၊ အပြန်ရော ခဏလောက်ပိတ်လိုက်သေးတယ်။ သူတို့ လွှတ်တော်ဝင်းထဲက ထွက်တဲ့ကောင်တွေ၊ ဒီဘက် မြေနီကုန်းဘက်က ကားတွေနဲ့ လာကြတာတော့ တွေ့လိုက်တယ်။ ငါးမိနစ်လောက်ပါပဲ။ ပြီးတော့လမ်းပြန်ဖွင့်ပေးတယ် ” လို့ မျက်မြင်တွေ့ရှိသူတဦးကလည်း ပြောပါတယ်။
 
ဧပြီ ၈ ရက်မနေ့က ညနေပိုင်းကလည်း ပြည်သူ့ဥယျာဉ်ထဲမှာ တည်ဆောက်ထားတဲ့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းအစိုးရဗဟိုမဏ္ဍပ်နဲ့ စမ်းချောင်းရဲစခန်းရှေ့က သင်္ကြန်မဏ္ဍပ်တွေမှာ ဖောက်ခွဲတိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး ထိခိုက်ပျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တခုဖြစ်တဲ့ Dark Shadow (YGN UG)က အဝေးထိန်းဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပေမယ့် ဒီကနေ့မနက်ပိုင်းပေါက်ကွဲမှုကိုတော့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။
 
မနေ့က ဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ Dark Shadow (YGN UG)အဖွဲ့ဟာ စစ်ကောင်စီရဲ့ သင်္ကြန်ပွဲတော်ကို လက်မခံကြောင်းနဲ့ စစ်ကောင်စီကို အားပေးထောက်ခံတဲ့ သင်္ကြန်ပွဲဖြစ်မြောက်စေဖို့ ပူးပေါင်းပါဝင်နေသူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
 
အလားတူ တခြားမြို့ပြပြောက်ကျားတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီသင်္ကြန်ပွဲတော်မှာ ပြည်သူတွေ ပူးပေါင်းပါဝင်မှု မလုပ်ဖို့၊ စစ်ကောင်စီသင်္ကြန်မဏ္ဍပ်တွေနဲ့ ဝေးဝေးနေကြဖို့ သတိပေးထုတ်ပြန်ထားတာတွေ ရှိနေပါတယ်။
 
စစ်ကောင်စီဟာ လာမယ့် သင်္ကြန်နှစ်သစ်ကူးကာလမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စည်စည်ကားကား ကျင်းပမယ်လို့ ပြောဆိုထားသလို ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီး သင်္ကြန်ကာလမတိုင်ခင်မှာပဲ ဧပြီလ ၈ ရက်က မနေ့ကစပြီး ဖောက်ခွဲတိုက်ခိုက်မှု ရှိလာတာဖြစ်ပါတယ်။
 
ဒါဟာ အခုနှစ်စစ်ကောင်စီရဲ့ သင်္ကြန်ပွဲတော်ကာလအတွက် ဖောက်ခွဲတိုက်ခိုက်မှု နှစ်ရက်ဆက်ဖြစ်တာ ဖြစ်သလို တော်လှန်ရေးအင်အားစုတွေကတော့ အခုလိုတိုက်ခိုက်မှုတွေ အချိန်မရွေးရှိလာနိုင်တယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။ 
ဓာတ်ပုံ – CJ