ရန်ကုန်တိုင်းစစ်ကောင်စီဗဟိုမဏ္ဍပ်အပါအဝင် သင်္ကြန်မဏ္ဍပ်တချို့ဗုံးခွဲတိုက်ခိုက်ခံရ

ဧပြီ၊ ၈
 
ပြည်သူ့ဥယျာဉ်ထဲမှာတည်ဆောက်ထားတဲ့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းအစိုးရဗဟိုမဏ္ဍပ်နဲ့ စမ်းချောင်းရဲ စခန်းရှေ့က သင်္ကြန်မဏ္ဍပ်တွေ ဒီကနေ့ညပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တခုဖြစ်တဲ့ Dark Shadow (YGN UG)က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီကနေ့ည ခုနစ်နာရီဝန်းကျင်မှာ အဝေးထိန်းဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
 
” ပစ္စည်းက ကောင်းပေမယ့် အသံတိုးသွားတယ်၊ အထိအခိုက်အပျက်အစီးက နည်းနည်းပါးပါးရှိတယ်၊ ခုစမ်းချောင်းမှာ DC တစီးနဲ့ ရဲကားမီးတန်းတစီးရယ် ပတ်နေတယ်။ စစ်ကားနောက်ထပ်နှစ်စီး ထပ်ပတ်နေတယ်။ သတိပေးတဲ့သဘောပဲဆိုတော့ ရဲတွေအထိအခိုက်တော့ မရှိဘူး။ မဏ္ဍပ်ပျက်စီးမှု အနည်းငယ်ရှိတယ် ” လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ရဲဘော်ပီတာက DNA ကိုပြောပါတယ်။
 
ဖောက်ခွဲတိုက်မှုတွေကြောင့် သင်္ကြန်မဏ္ဍပ်အဆောက်အဦတွေ ထိခိုက်ပျက်စီးတဲ့အခြေအနေကိုတော့ DNA ကသီးခြားအတည်မပြုနိုင်ပါဘူး။
 
ဒီကနေ့ ဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ Dark Shadow (YGN UG)အဖွဲ့ဟာ စစ်ကောင်စီရဲ့ သင်္ကြန်ပွဲတော်ကို လက်မခံကြောင်းနဲ့ စစ်ကောင်စီကို အားပေးထောက်ခံတဲ့ သင်္ကြန်ပွဲဖြစ်မြောက်စေဖို့ ပူးပေါင်းပါဝင်နေသူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
 
အလားတူ တခြားမြို့ပြပြောက်ကျားတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီသင်္ကြန်ပွဲတော်မှာ ပြည်သူတွေ ပူးပေါင်းပါဝင်မှု မလုပ်ဖို့၊ စစ်ကောင်စီသင်္ကြန်မဏ္ဍပ်တွေနဲ့ ဝေးဝေးနေကြဖို့ သတိပေးထုတ်ပြန်ထားတာတွေ ရှိနေပါတယ်။
 
စစ်ကောင်စီဟာ လာမယ့် သင်္ကြန်နှစ်သစ်ကူးကာလမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စည်စည်ကားကား ကျင်းပမယ်လို့ ပြောဆိုထားသလို ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီး သင်္ကြန်ကာလမတိုင်ခင်မှာပဲ ဒီကနေ့ ဖောက်ခွဲတိုက်ခိုက်မှု ရှိလာတာဖြစ်ပါတယ်။
 
ဒါဟာ အခုနှစ်စစ်ကောင်စီရဲ့ သင်္ကြန်ပွဲတော်ကာလအတွက် ပထမဆုံး ဖောက်ခွဲတိုက်ခိုက်မှုလည်း ဖြစ်လာပါတယ်။ တော်လှန်ရေးအင်အားစုတွေကတော့ အခုလိုတိုက်ခိုက်မှုတွေ အချိန်မရွေးရှိလာနိုင်တယ်လို့ ဆိုထားပါတယ်။ 
ဓာတ်ပုံ – CJ