ဧပြီ၊ ၈
ရန်ကုန်က စက်သုံးဆီဆိုင်တွေမှာ ဒီကနေ့ ဧပြီ ၈ ရက် ညနေပိုင်းကစပြီး စက်သုံးဆီတွေပြတ်လပ်နေတာကြောင့် အခက်အခဲတွေဖြစ်နေတယ်လို့ စက်သုံးဆီအရောင်းဆိုင်နဲ့ အငှားယာဥ်မောင်းတွေက DNA ကိုပြောပါတယ်။
” ကျွန်တော်တို့ဆီမှာ 92 တစ်မျိုးပဲရတော့တယ်၊ ဆီဆိုင်တွေမှာလည်း ဆီတွေက မရှိတော့ဘူး၊ ပရီမီယမ် ရော၊ 95၊ 97 အကုန်လုံးပြတ်နေပြီ ” လို့ စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်းတဦးက ပြောပါတယ်။
လက်ရှိရန်ကုန်မြို့တွင်းက ဆီဆိုင်အများအပြားမှာ 92 စက်သုံးဆီတမျိုးတည်းသာ ရှိတော့ပြီး ကျန်စက်သုံးဆီတွေ ပြတ်လပ်နေတာကြောင့် စက်သုံးဆီဆိုင်တွေ အချိန်စောပြီး ဆိုင်ပိတ်တာတွေအထိ ဖြစ်နေတာလို့လည်း အငှားယာဥ်မောင်းတွေနဲ့ မော်တော်ယာဥ်ပိုင်ရှင်တွေက ပြောပါတယ်။
” မရတော့ဘူး၊ ကျွန်တော်လည်း ဘယ်ဆိုင်မှာ ဆီရဦးမလဲဆိုပြီး ပတ်ရှာနေတာ၊ ဆိုင်တွေက ဆီပြတ်ပြီး အစောကြီး ပိတ်ထားတယ်၊ အခုတောင်ရတဲ့ဆိုင်ကနေ တန်းစီရတာ နာရီဝက်ကျော်ကြာတယ်၊ ဒါတောင်ကားတိုင်း ဆီမရဘူး ” လို့ မော်တော်ယာဥ်ပိုင်ရှင်တဦးက ပြောပါတယ်။
ရန်ကုန်မြို့တွင်းက ဆီဆိုင်တွေမှာ အခုလို စက်သုံးဆီးပြတ်လပ်နေတာကြောင့် စက်သုံးဆီအသုံးပြုမောင်းနှင်ရတဲ့ ယာဥ်တွေဟာ ဆိုင်တွေမှာ အလုအယက်ဖြည့်နေကြရတယ်လို့လည်း အငှားယာဥ်မောင်းတဦးက ပြောပါတယ်။
” ဆီက မရတဲ့အထဲ ပိုက်ဆံရှိတဲ့သူတွေက ဆီတိုင်ကီအပြည့်ဖြည့်နဲ့ ဆီရဖို့ကို အလုအယက်တန်းစီပြီး ထည့်နေရတယ် ” လို့ သူကဆိုပါတယ်။
နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မသွားဖို့ ဆီဂါလံ ၄၁ သန်းသိုလှောင််ထားတယ်လို့ စစ်ကောင်စီရဲ့စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက ပြီးခဲ့တဲ့ ဧပြီ ၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေ ပြောဆိုထားပြီးနောက် ရက်ပိုင်းသာကြာသေးချိန်မှာ အခုလို ဆီပြတ်လပ်တဲ့အခြေအနေတွေ ဖြစ်နေတာပါ။
ဆီလက်ကျန်ရှိနေသေးတဲ့ စက်သုံးဆီဆိုင်တွေမှာတော့ လက်ရှိမှာ 92 တလီတာကို ၂၂၅၀ ကျပ်နဲ့ ရောင်းချပေးနေတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၊ ပြန်ကြားရေးကော်မတီဥက္ကဌ ဦးကျော်ကျော်ကတော့ ဧပြီလ ၁၅ ရက်အတွင်းမှာ စက်သုံးဆီတင်သင်္ဘော ၁၃ စင်း ဝင်ရောက်ဖို့ရှိပြီး ဆီဂါလံ သန်းခြောက်ဆယ်ကျော်ဝင်လာဖို့ရှိတယ်လို့ ပြောဆိုထားပါတယ်။
ပြည်တွင်းမှာ တနိုင်ငံလုံးအတိုင်းအတာအရ တရက်ကို စက်သုံးဆီ 92 ဂါလံပေါင်း လေးသန်းကျော်၊ 95 ဂါလံပေါင်း ၁၀ သန်းကျော်၊ 97 ဂါလံပေါင်း တသန်း နဲ့ ပရီမီယံ နှစ်သန်းကျော် အသုံးပြုနေတာဖြစ်တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စက်သုံးဆီတွေကို ချွေတာသုံးစွဲဖို့ မကြာခဏပြောဆိုလေ့ရှိပြီး နိုင်ငံခြားငွေသုံးစွဲမှုလျှော့ဖို့ လိုတယ်လို့ ပြောသလို လက်ရှိဘဏ္ဍာနှစ်အတွက် ဘတ်ဂျတ်ရေးဆွဲချိန်မှာလည်း နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ဖို့ ထည့်ပြောတာတွေ ရှိခဲ့ပါသေးတယ်။
စစ်ကောင်စီက အခုလို ထုတ်ဖော်ပြောဆိုလာတာတွေဟာ နိုင်ငံတကာ ပိတ်ဆို့မှုတွေနဲ့ စစ်လက်နက်ပစ္စည်း ဝယ်ယူဖြည့်တင်းရတာတွေကြောင့် စစ်ကောင်စီအနေနဲ့ နိုင်ငံခြားသုံးငွေနည်းပါးလာလို့ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။
စစ်ခေါင်းဆောင်တွေက စက်သုံးဆီချွေတာသုံးစွဲရေးမူကို အစဉ်တစိုက်ပြောဆိုလေ့ရှိပေမယ့် တဘက်မှာလည်း ပြည်တွင်းမှာ အသုံးပြုဖို့ စက်သုံးဆီပြတ်လပ်နေပြီလို့ သတင်းတွေထွက်ပေါ်လာတိုင်း စက်သုံးဆီအလုံအလောက်ရှိနေကြောင်း တုံ့ပြန်ငြင်းဆန်လေ့ရှိပါတယ်။
ဓာတ်ပုံ – Google