ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်သားတွေထွက်ပြေးလို့ လိုက်ရှာနေရပြန်

ဧပြီ၊ ၈
 
ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၆၃ တပ်ရင်းက စစ်ကောင်စီတပ်သားတချို့ဟာ မိ သားစုတွေနဲ့အတူ အခုလအတွင်း ထွက်ပြေးသွားခဲ့ကြတဲ့အတွက် စစ်အုပ်စုက အပူတပြင်းလိုက်ရှာနေကြတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။
 
ထွက်ပြေးသွားသူတွေထဲ စစ်ကောင်စီတပ်က ဘယ်နှဦးပါတယ်၊ လက်နက်တွေ ပါ၊ မပါဆိုတာ တိတိကျကျမပြောနိုင်ပေမယ့် လက်နက်မပါဘဲ ထွက်ပြေးသူတွေကို စစ်တပ်က အခုလို အပူတပြင်းလိုက်ရှာလေ့မရှိဘူးလို့ ရခိုင်ဒေသခံတွေနဲ့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
အဲဒီစစ်ကောင်စီတပ်သားတွေဟာ အခုလဆန်းပိုင်းမှာ ထွက်ပြေးသွားခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ တပ်သားတွေနဲ့ နယ်ခြားစောင့်ရဲတွေက အင်အားအလုံးအရင်းနဲ့ အနီးတဝိုက်ရွာတွေမှာ အပူတပြင်း လိုက်ရှာနေ‌ကြတယ်လို့ ဆိုပါတယ်။
 
” အနားက ရွာတွေမှာ စစ်သားတွေ၊ နယ်ခြားစောင့်တွေ ကားနဲ့ လာရှာကြတယ်။ စစ်သားတွေ ထွက်ပြေးသွားလို့ လိုက်ရှာတာလို့ ပြောတယ်၊ ဘယ်နှစ်ယောက်လဲ အတိအကျတော့ မသိရဘူး၊ ပြေးသွားတာလည်း တပတ်လောက်ရှိပြီလို့ ပြောတယ်။ ရက်အတိအကျတော့ မသိဘူး ” လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ ဘူးသီးတောင်ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ သူတို့ရဲ့ မိသားစုကိုပါ တပါတည်းခေါ်သွားကြတယ်လို့လည်း နီးစပ်သူတွေက ပြောကြပါတယ်။ အဲဒီစစ်ကောင်စီတပ်သားတွေ ဘယ်ကို ထွက်ပြေးသွားကြတယ်ဆိုတာကို မသိရသေးဘဲ အခုအချိန်အထိ လိုက်ရှာနေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။
 
ဘူးသီးတောင်၊ မောင်တောမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်စခန်းတွေနဲ့ နယ်ခြားစောင့်ရဲစခန်းတွေက တပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေနဲ့ ထွက်ပြေးကြတာ မကြာခဏရှိခဲ့ပြီး ရခိုင့်တပ်တော် (AA)တပ်စခန်းတွေဆီ ထွက်ပြေးလေ့ရှိကြတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၆ ရက်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း မြင်းလွှတ်နယ်ခြားစောင့်စခန်းက သင်တန်းဆင်းပြီးကာစ တပ်ဖွဲ့ဝင်လေးဦးဟာ လက်နက်တွေနဲ့အတူ ထွက်ပြေးသွားခဲ့ကြပါတယ်။
 
ဒါ့အပြင်အခုနှစ် ဖေဖော်ဝါရီလအတွင်းက မြေပုံမြို့နယ်က စစ်ကောင်စီတပ်သားတချို့နဲ့ အခုနှစ် ဇန်နဝါရီလ ၁၆ ရက်က မြောက်ဦးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေက တပ်သား လေးဦး လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးသွားခဲ့ကြပါတယ်။
 
ဒါကြောင့် ရခိုင်မှာ အပစ်ရပ်ပြီးနောက်ပိုင်း လက်နက်တွေနဲ့အတူ ထွက်ပြေးကြတဲ့ စစ်ကောင်စီလက်အောက်ခံပေါင်း တဒါဇင်လောက်အထိ ရှိခဲ့ပြီဖြစ်တယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။
 
အခုလိုထွက်ပြေးမှုတွေဟာ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းချင်တော့တာကြောင့် ထွက်ပြေးကြတာဖြစ်ပြီး စစ်ကောင်စီတပ်တွင်းစည်းလုံးမှုတွေ ပြိုကွဲနေတာ သိသာနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတချို့က သုံးသပ်ပါတယ်။
 
“ ဘယ်သူမှ မနေချင်ကြတော့ဘူး။ အခွင့်အရေး ရရင်ရသလို ပြေးနေကြတာ၊ အရင် ရခိုင်တိုက်ပွဲတွေကတည်းက ပြေးကြတာတွေ ရှိတယ်။ အခု အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးတာပေါ့ ” လို့ ရခိုင်ဒေသခံ စစ်ကောင်စီတပ်သားဟောင်းတဦးက ပြောပါတယ်။
 
ရခိုင်မှာ အရင်တိုက်ပွဲကာလတွေတုန်းကလည်း စစ်ကောင်စီတပ်သားတွေဟာ သူတို့ရဲ့ လက်နက်တွေနဲ့အတူ ထွက်ပြေးပြီး AA တပ်စခန်းတွေဆီမှာ သွားရောက်ခိုလှုံတာတွေ ရှိခဲ့ပါတယ်။ အဲဒီလိုမျိုး ထွက်ပြေးခိုလှုံလာကြတဲ့ စစ်ကောင်စီတပ်သားပေါင်း တရာကျော်အထိ ရှိနေတယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ၂၀၂၂ ခု ဇွန်လအတွင်း ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
 
ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို အတတ်နိုင်ဆုံး လူသားချင်းစာနာထောက်ထား မှုအကူအညီတွေ ပေးထားသလို နေရာချထားပေးမှုတွေလည်း ရှိပြီး အဲ့ဒီလိုထွက်ပြေးလာသူ အရေအတွက်အတိအကျကိုတော့ ထုတ်ပြောဖို့ အစီအစဉ်မရှိဘူးလို့ ခိုင်သုခက ပြောထားပါတယ်။ 
ဓာတ်ပုံ – AFP
ပုံစာ – ရခိုင်ပြည်နယ်အတွင်းမှာတွေ့ရတဲ့ စစ်ကောင်စီတပ်သားတချို့