ဧပြီ၊ ၈
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ထဲက ဘားတွေနဲ့ အရက်ယမကာရောင်းချတဲ့ ဆိုင်တွေဆီကနေ စစ်ကောင်စီရဲ့စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင် ဦးဆောင်ပြီး သင်္ကြန်အတွက်ဆိုကာ တဆိုင်ကို ငွေကျပ်နှစ်သိန်းစီ လိုက်လံတောင်းယူနေတယ်လို့ အဲ့ဒီမြို့နယ်မှာနေထိုင်သူတွေဆီက သိရပါတယ်။
စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်ဦးဆောင်ပြီး အိမ်စီးကားနှစ်စီးနဲ့ စမ်းချောင်းမြို့နယ်ထဲက ဘားနဲ့ စားသောက်ဆိုင်တွေဆီက တဆိုင်ကို နှစ်သိန်းကျပ်နှုန်းနဲ့ အဖျော်ယမကာရောင်းချတဲ့ (Liquor Shop)တွေကနေ တဆိုင်ကို ငွေကျပ်ငါးသောင်းနှုန်း လိုက်လံကောက်ခံနေတာလို့ ဆိုပါတယ်။
” စမ်းချောင်းရဲစခန်းရှေ့မှာ မဏ္ဍပ်ကြီးဖြတ်ထိုးထားတာ ရှိတယ်၊ စမ်းချောင်းစခန်းက သူတို့မိသားစုတွေ ပဒုမ္မာကွင်းထဲမှာ အကတိုက်နေတာတွေ ရှိတယ်၊ အဲ့အတွက် လိုက်ကောက်နေတာ၊ ပြီးတော့ သူတို့အိတ်ထဲထည့်တာ၊ စမ်းချောင်းတမြို့ထဲတင် နည်းတာမဟုတ်ဘူးဘားက၊ သူတို့ မဏ္ဍပ်ကို ဘယ်လောက်ကောင်းအောင်ထိုးထိုး အဲ့လောက်မကုန်ဘူး၊ မြို့နယ်မှူးနဲ့ ထွေအုပ်ပေါင်းစားနေတာ ” လို့ စမ်းချောင်းဒေသခံ ပြည်သူတဦးက DNA ကိုပြောပါတယ်။
စမ်းချောင်းမြို့နယ်အတွင်း ဘားနဲ့ ကလပ်အပါအဝင် ၁၀၀ ထက်မနည်းရှိနေပြီး အခုငွေကြေးကောက်ခံမှုမှာ ဆိုင်ရှင်တွေဆီကနေ ငွေကျပ်သိန်းနှစ်ထောင်ကျော်အထိ ရရှိထားတယ်လို့လည်း စမ်းချောင်းမြို့နယ်အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
” ပြီးခဲ့တဲ့လတုန်းကလည်း ဘုန်ကြီးစာမေးပွဲရှိတာကိုအကြောင်းပြပြီး အုပ်ကြီးတွေကအစ လိုက်ကောက်တာ တအိမ်တက်ဆင်း၊ အဲ့တုန်းကတော့ အလှူခံသလို လိုက်ကောက်တာ၊ အဲ့တုန်းကလည်း ဒီကဘုန်းကြီးကျောင်းက စာဖြေသံဃာတွေအတွက် တရက်ကို ဆယ့်ခုနှစ်သိန်းလောက်ကုန်တယ်လို့ ပြောတာ၊ တကယ်က ရေနဲ့ အအေးပဲ ကပ်ပြီး ကျန်တာဖြောင်ကြတာ ” လို့ စမ်းချောင်းဒေသခံတဦးက ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့တော့ DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့တွေက အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးကောက်ခံတာတွေ များလာတဲ့အတွက် မြို့နယ်တွင်းက စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ပြည်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံနေရသလို မပေးတဲ့ဆိုင်တွေကိုလည်း လိုင်စင်ကိစ္စနဲ့ ဖိအားပေးချိန်းခြောက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့အပြင် တခြားမြို့တွေမှာလည်း စစ်ကောင်စီက သူတို့ကျင်းပမယ့် သင်္ကြန်ပွဲအတွက်လို့ဆိုကာ ရန်ပုံငွေထည့်ဝင်ခိုင်းတာ၊ ရေကစားမဏ္ဍပ်နဲ့ ဖျော်ဖြေရေးမဏ္ဍပ်တွေ ဆောက်လုပ်ခိုင်းတာ၊ နှုန်းထားသတ်မှတ်ကောက်ယူတာတွေ ရှိနေပါတယ်။
စစ်ကောင်စီက ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ သင်္ကြန်အတွက် မဏ္ဍပ်ဆောက်ပြီး ပြည်သူတွေကို သင်္ကြန်ပွဲတော်တွေမှာ ပါဝင်လာဖို့ စည်းရုံးနေသလို၊ တော်လှန်ရေးအင်အားစုတွေကလည်း ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ပျော်ပွဲရွှင်ပွဲတွေမှာ မပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ချက်တွေ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – CJ