ဧပြီ၊ ၈
ရန်ကုန်နဲ့မြဝတီ ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ် Express ယာဉ်လိုင်းတချို့ ဒီကနေ့ ဧပြီလ ၈ ရက်က စလို့ ခရီးစဉ်ပြေးဆွဲမှုတွေ ရပ်ဆိုင်းလိုက်လို့ သင်္ကြန်ကာလ နေရပ်ပြန်မယ့်သူတွေအပါအဝင် ခရီးသည်တွေ အခက်တွေ့နေကြတယ်လို့ DNA က စုံစမ်းသိရှိရပါတယ်။
” လက်မှတ်က booking လည်း လုပ်မရဘူး၊ လူကိုယ်တိုင်သွားဖြတ်တော့လည်း ၁၀ ရက်နေ့မှ ပြန်လာခဲ့လို့ပြောတယ်၊ အဲ့ဒါလည်း မသေချာဘူး၊ ကျွန်မက ခွင့်ရက်ရှည်ရတုန်း မိဘတွေဆီပြန်ရမှာ၊ အခုတိုင်းဆို ပြန်ရပါ့မလားမသိဘူး ” ဟု ရန်ကုန်မြို့ကနေ မြဝတီမြို့ကိုပြန်ဖို့ စီစဉ်နေတဲ့ ကညနဝန်ထမ်းအမျိုးသမီးတဦးက DNA ကိုပြောပါ တယ်။
လက်ရှိ မြဝတီမြို့တဝိုက်မှာ တိုက်ပွဲတွေဖြစ်နေသလို မြဝတီ-ကော့ကရိတ်အာရှလမ်းမကို ဧပြီ ၇ ရက်ကနေ ၂၁ ရက်အထိ နှစ်ပတ်ကြာ အသုံးမပြုဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်အသိပေးထားပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ခရီးသည်တင်ယာဉ်လိုင်းတွေ ပြေးဆွဲမှုရပ်နားလာကြတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ယာဉ်လိုင်းတာဝန်ခံတဦးက DNA ကိုပြောပါတယ်။
” လက်နက်တွေ ကားပေါ်မှာမိတော့ ယာဉ်မောင်း ယာဉ်အကူ သုံးယောက်ထောင်ကျတယ်ဗျာ၊ ယာဉ်မောင်းတယောက်လည်း လက်နက်ကြီးထိလို့ သေပြီးပြီ၊ အခုက ထုတ်ပြန်ချက်တွေလည်း လိုင်းပေါ်မှာတွေ့နေရတာပဲ၊ မနေ့ကဆို ကုန်ကားတစီး အာရှလမ်းပေါ်မှာ မီးရှို့ခံထားရတယ်၊ ဒါကိုသိသိနဲ့ ဘယ်လုပ်ရဲမလဲဗျ ” လို့ သူကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခအခြေအနေတွေကြောင့် ခရီးသည်တင်ယာဉ်လိုင်းတွေ ရပ်နားမှုတွေ လက်ရှိကာလမတိုင်ခင်ကတည်းက ရှိခဲ့ပြီး ဝန်ထမ်းတွေ အလုပ်အကိုင်ဆက်ရနေဖို့အတွက် ဆက်လက်ပြေးဆွဲခဲ့ပေမယ့် လက်ရှိအခြေအနေအရ မြဝတီ-ရန်ကုန် ခရီးစဉ်တွေကို ပြန်လည်ပြေးဆွဲမှု လုပ်၊ မလုပ်ဆိုတာ သင်္ကြန်ကာလပြီးမှ ဆုံးဖြတ်နိုင်တော့မယ်လို့လည်း အဲ့ဒီယာဉ်လိုင်းတာဝန်ခံက ပြောပါတယ်။
အခုလို ခရီးသည်တင်ယာဉ်လိုင်းတွေ ပြေးဆွဲမှုရပ်နားလိုက်ပေမယ့် မဖြစ်မနေ ခရီးသွားဖို့အတွက် လိုအပ်သူတွေကတော့ အာရှလမ်းအသုံးမပြုဘဲ တောလမ်းကနေပြေးဆွဲတဲ့ အိမ်စီးကားခရီးစဉ်တွေကို အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အဲ့ဒီလမ်းကြောင်းအတိုင်းသွားမယ်ဆိုရင် လူတဦး ကားခကုန်ကျစရိတ် ကျပ်ခုနစ်သောင်းကနေ တသိန်းဝန်းကျင်အထိ ရှိတာကြောင့် ခရီးသည်အများစု အသုံးပြုနိုင်ဖို့ အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ပုံမှန် ခရီးသည်တင်ယာဉ်လိုင်းတွေက ရန်ကုန်-မြဝတီခရီးစဉ်တွေအတွက် လက်မှတ်ခ ကျပ်နှစ်သောင်းခွဲသတ် မှတ်ထားတာဖြစ်ပါတယ်။
အိမ်စီးကားနဲ့ ရန်ကုန်-မြဝတီခရီးစဉ်ပြေးဆွဲပေးတဲ့ ခရီးစဉ်လမ်းကြောင်းတွေမှာ တောလမ်းတွေကိုအသုံးပြုရပြီး လမ်းတလျှောက် လုံခြုံရေးဂိတ်စခန်းတွေကို ငွေကြေးပေးရတာ၊ မြဝတီ-ကော့ကရိတ်လမ်း အသုံးပြုခွင့် နှစ်ပတ်ကြာပိတ်လိုက်တာ၊ စက်သုံးဆီဈေးမြင့်တက်နေတာ စတာတွေကြောင့် အခုလို ဈေးအဆမတန်မြင့်တက်လာတာလို့ အိမ်စီးကားတွေနဲ့ တရားမဝင်ယာဉ်လိုင်းပြေးဆွဲနေသူတွေက ပြောကြပါတယ်။
ဓာတ်ပုံ – Social Media
ပုံစာ – တိုက်ပွဲကြောင့် အာရှလမ်းပေါ်မှာ ပိတ်မိနေတဲ့ ကုန်တင်ယာဥ်နဲ့ ခရီးသည်တင်ယာဥ်တချို့ကို တွေ့ရစဥ်