ဝက်လက်မြို့ နဲ့ စစ်ကိုင်းမြို့အစပ်ရှိ ကျေးရွာတွေကို စစ်အုပ်စုက လေကြောင်းကပစ်ခတ်စီးနင်း

ဧပြီ၊ ၈
 
စစ်ကိုင်းတိုင်းထဲက ဝက်လက်မြို့နဲ့ စစ်ကိုင်းမြို့အစပ်မှာရှိတဲ့ ကျေးရွာတွေကို စစ်အုပ်စုက ဒီကနေ့ မနက်ပိုင်းက လေကြောင်းကတဆင့် ပစ်ခတ်တိုက်ခိုက်သလို လေကြောင်းကနေ စစ်အင်အားချ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီ ထွက်ပြေးနေကြရတယ်လို့ ဝက်လက် ဒေသခံတဦးက ပြောပါတယ်။
 
အဲဒီမြို့နှစ်ခု အစပ်မှာရှိနေတဲ့ အုတ်ဘို၊ ချောင်းဦး၊ တလိုင်းရွာ တွေကို တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ကနဦးပစ်ခတ်ကာ ပို့ဆောင်ရေးရဟတ်ယာဉ်တွေနဲ့ စစ်အင်အားချ စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။
 
” စစ်ကိုင်း နဲ့ ဝက်လက်ကြားက စဉ့်ကိုင်တို့ ချောင်းဦးတို့ ဖက်ကို လူချတယ်၊ ရဟတ်ယာဉ်တွေနဲ့ လူချသွားတယ်၊ အင်အားရှစ်ဆယ်လောက်ရှိမယ်၊ MI 35 နဲ့ ပစ်တယ်၊ MI 17 နဲ့ လူချတယ်ဗျ၊ ပစ်တာကတော့ တောက်လျှောက်ကိုပစ်တာ၊ တွေ့သမျှပစ်တာဗျ ” လို့ ဒေသခံတဦးက ဆိုပါတယ်။
 
အဲဒီနေရာတွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်အုပ်စုက လေကြောင်းကတဆင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်လို့ တလိုင်းရွာအနီးက ဒေသကာကွယ်ရေးအဖွဲ့တွေ ဆေးကုသပေးနေတဲ့ ဆေးခန်းအနီးကျရောက်ခဲ့လို့ လူလေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
 
” တိုက်ပွဲကတော့ မရှိဘူးဗျ၊ စခန်းဝင်စီးတဲ့ ပုံစံမျိုးပါ၊ ပစ်တာက စဉ့်ကိုင်ဘက်ပစ်ပြီး လူချတာကတော့ အုတ်ဘို ချောင်းဦးဘက်ချတယ်၊ အဲဘက်မှာလည်း စခန်းခွဲတွေရှိတယ်၊ အခုတလိုင်းမှာပဲ မီးရှို့စစ်ကြောင်းထိုးနေတယ်၊ လေယာဉ်နှစ်စီးနဲ့ (စစ်အင်အား)လေးခေါက်ချတယ်၊ ရွှေဘိုကနေတဆင့် သယ်တာပါ၊ စဉ့်ကိုင်ဖက်မှာ အရင်ချပြီးတော့ ရွှေဘိုပြန်လူကဲ့ပြီး ထပ်လာချတယ်၊ လူချတဲ့ MI 17 နှစ်စီးက စစ်ကိုင်း တပ်မ ၃၃ ထဲဆင်းသွားတယ် ” လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ဒီကနေ့ လေကြောင်းကနေ စီးနင်းတိုက်ခိုက်ခံနေရတဲ့ ရွာတွေဟာ စစ်ကိုင်းမြို့မြောက်ဘက် စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအစပ် ဧရာဝတီမြစ်ကမ်းအနီး ကျေးရွာတွေဖြစ်ပါတယ်။ အဲ့ဒီစီးနင်းတိုက်ခိုက်မှုအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ ထိခိုက်သေဆုံးမှု အခြေအနေကို အသေးစိတ်မသိရသေးပါဘူး။
 
စစ်ကောင်စီဟာ အခုလအတွင်း စစ်ကိုင်းတိုင်းမှာ လေကြောင်းကနေ စီးနင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပုလဲမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်းက ကာကွယ်ရေးတပ်ဖွဲ့စခန်းနှစ်ခုကို လေကြောင်းကနေ စီးနင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါသေးတယ်။
 
အဲ့ဒီဖြစ်စဉ်တွေအတွင်း ပုလဲနယ်အခြေစိုက် M7 PDF တပ်ဖွဲ့ဝင် ၇ ဦး ကျဆုံးခဲ့ပြီး မြိုင်မြို့နယ်ထဲက PDF စခန်းတခု စီးနင်းခံရမှုမှာလည်း ကာကွယ်ရေးဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုရှိခဲ့ပါတယ်။
ဓာတ်ပုံ – CINCDS
ပုံစာ – စစ်ရေးလေ့ကျင့်မှုလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ