မြဝတီမှာ စစ်ရေးဆက်လက်တင်းမာနေပြီး ဒေသခံတသောင်းဝန်းကျင်စစ်ရှောင်နေရ

ဧပြီ၊ ၈
 
ကရင်ပြည်နယ်၊ မြဝတီမြို့ အနီးတဝိုက်ဒေသအတွင်းမှာ လက်ရှိအချိန်ထိ စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေ နှစ်ဘက်စစ်ရေးဆက်လက်တင်းမာနေပြီး စစ်ရှောင်တွေလည်း နေ့စဉ်တိုးနေကာ ဒေသခံတသောင်းဝန်းကျင်လောက် ထိုင်းနိုင်ငံဘက်နဲ့ မြန်မာဘက် သောင်ရင်းမြစ်ကမ်းမှာ စစ်ရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။
 
“ အခုပျှမ်းမျှ ပြောရမယ်ဆိုရင် အားလုံးပေါင်း တသောင်းကျော်လောက်ရှိမယ်၊ ဒါက ထိုင်းဘက်ခြမ်းကို ရှောင်လာတဲ့ အရေအတွက်ပါ၊ ဒါတင်မကသေးဘူး၊ သောင်းရင်းမြစ်ကမ်းစပ်နားမှာ တဲထိုးပြီး ရှိနေတဲ့သူတွေလည်း ရှိသေးတယ်၊ သူတို့ကျတော့ ဒီဘက်ကို မလာကြဘူး၊ ဒါပေမယ့် နည်းပါတယ်၊ သူတို့ကတော့ အခြေအနေကောင်းရင် တိုက်ပွဲငြိမ်ရင် ရွာပြန်မယ်လို့ ပြောတာပြီး နေနေကြတာပဲ၊ ဟိုမှာ သူတို့အလုပ်တွေ ပစ်ထားခဲ့ရတာတဲ့ ” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
 
မြဝတီမြို့ ရွှေကုက္ကိုလ်မြို့သစ် ထီးကော်ထောကျေးရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF ကင်းစခန်းတွေ ကို KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီလ ၅ ရက်မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။
 
လက်ရှိ ဒီကနေ့(ဧပြီ ၈)ရက် မနက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေမှာ အပြန်အလှန်ပစ်ခတ်သံတွေ မကြားရပေမယ့် လက်နက်ကြီး ပစ်ခတ်သံတွေတော့ မကြာမကြာထွက်ပေါ်နေတယ်လို့ ဒေသခံတဦးက ပြောပါ တယ်။
 
“ မနေ့ညကနေ ပြောရရင်တော့ ညဘက်တွေမှာလည်း လက်နက်ကြီးအသံတွေ ကြားရတာရှိတယ်၊ ပစ်သံတွေပေါ့နော်၊ ဘယ်သူက ပစ်နေလဲတော့ မသိဘူး၊ ကျပေါက်တဲ့အသံတွေပေါ့၊ အခုဒီနေ့မနက်ပိုင်းမှာလည်း အဲလိုပဲ တချက် တချက် လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရသေးတယ်၊ နှစ်ဘက်ပစ်ခတ်မှုကတော့ ငြိမ်နေတာပေါ့ ” လို့ သူကပြောပါတယ်။
 
ဒီလိုနှစ်ဘက်ပစ်ခတ်မှု ငြိမ်သက်နေပေမယ့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ် BGF တွေက အင်အားဖြည့်တင်းထားတာတွေ ရှိနေပြီး တိုက်ပွဲအချိန်မရွေးဖြစ်နိုင်တာကြောင့် အရပ်သားတွေကတော့ နေ့စဉ်နဲ့အမျှ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
 
ထွက်ပြေးတိမ်းရှောင်လာသူတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ အများဆုံးပါဝင်ကာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ မွေးကင်းစကလေးငယ်တွေကလည်း ပါဝင်ပြီး သူတို့အားလုံးကို ထိုင်းအာဏာပိုင်တွေက စိုက်ပျိုးရေးမွေးမြူးရေးခြံတွေ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီနေထိုင်ဖို့ အဆင်ပြေသလို စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
 
ထိုင်းနိုင်ငံ နယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေဟာ နေရာ ၁၀ ခုကျော်မှာ တိမ်းရှောင်နေထိုင်နေကြတာကြောင့် စစ်ရှောင်စခန်းတချို့ကို သွားရောက်အကူအညီပေးဖို့ အခက်အခဲရှိနေသလို ထိုင်းအာဏာပိုင်တွေရဲ့ ကန့်သတ်ချက်တွေကြောင့်လည်း တိုက်ရိုက်ကူညီပေးဖို့ အခက်အခဲရှိနေတယ်လို့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ပြင်က စစ်ရှောင်စခန်းတခုကို သွားရောက်လှူဒါန်းခဲ့သူတဦးက ပြောပါတယ်။
 
ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတသောင်းကျော်ကို စစ်ရှောင်အရေး အကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ထိုင်းအာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီး ကူညီထောက်ပံ့မှုတွေ ရှိနေပေမယ့် စစ်ရှောင်အားလုံးအတွက် ကူညီထောက်ပံ့မှုတွေရဖို့ ကြိုးစားပြီး ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ဆိုပါတယ်။
 
လက်ရှိ မြဝတီမြို့ ရွှေကုက္ကိုလ်မြို့သစ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တွေက ဘုန်းကြီးကျောင်းထဲ အင်အားအများအပြားနဲ့ တပ်စွဲထားပြီး မြို့သစ်ထဲမှာတော့ ပုံမှန်အတိုင်းပဲ အလုပ်လုပ်ကိုင်နေကြတယ်လို့ ရွှေကုက္ကိုလ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
 
“ ဒီမှာက သူတို့ခြောက်ထားတာလား၊ တကယ်ပြောတာလားတော့ မသိ၊ ဒီကနေ အပြင်ခိုးထွက်ရင် ပေါ်တာဆွဲခံထိမယ်တဲ့၊ အပြင်မှာလည်း တိုက်ပွဲဖြစ်နေတယ်၊ အပြင်ကတော့ အခုချိန်ထိ မပေးထွက်သေးဘူး၊ အခုတချို့ဆို ပြန်ချင်နေကြပြီ၊ အလုပ်ကနေ ထွက်ပြီးတော့ ဘယ်လိုမှ ထွက်လို့မရတဲ့ အခြေအနေမှာ ဖြစ်နေကြတယ်၊ ဒီအထဲက ဈေးတွေလည်း ပိတ်မယ်ပြောနေတယ်၊ အိမ်ဆိုင်တွေလောက်ပဲ ဖွင့်မယ်၊ ဒီထဲမှာက လုံခြုံရေး၊ လူအင်အားတော် တော်ဖြည့်တင်းထားတယ်၊ ဝင်တိုက်မယ်ဆိုရင်တောင် မလွယ်နိုင်ဘူး၊ ကျွန်တော်အမြင်ပေါ့နော် ” လို့ သူကပြောပါတယ်။
 
လက်ရှိမှာ မြဝတီမြို့အထွက် ရွှေကုက္ကိုလ်မြို့သစ်အနီးက မဲကနယ်၊ ဝေါလေ၊ ကနဲလေး၊ မဲ့ပလဲ့ကျေးရွာ အစရှိတဲ့ ကျေးရွာတွေမှာ ထိတွေ့ပစ်ခတ်မှုတွေ ရှိနေသလို ကျုံဒိုး၊ ကော့ကရိတ်ဘက်မှာလည်း စစ်ရေးတင်းမာနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
“ အခုက ဒီဘက် (မြဝတီ၊ ရွှေကုက္ကိုလ်) မှာလည်း တိုက်ပွဲဖြစ်နေတာ ရက်ဆက်နေသလိုပဲ၊ ကျွန်တော်တို့ စစ်ရေးလှုပ်ရှားနေတဲ့ ကျုံဒိုး၊ ကော့ကရိတ်ဘက်မှာလည်း စစ်ရေးအသင့်အနေအထားမှာ ရှိနေတယ်၊ ဘာလို့လည်းဆိုတော့ ဒီဘက်မှာက စစ်သားတွေနဲ့ BGF တွေကလည်း အင်အားဖြည့်ထားတယ်၊ နှစ်ဘက်စစ်ရေးက တင်းမာနေဆဲပဲ ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
 
ဒီလိုနှစ်ဘက်စစ်ရေးအခြေအနေ တင်းမာနေမှုကြောင့် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးကို ဧပြီလ ၇ ရက်နေ့ ကနေ ဧပြီလ ၂၁ ရက်နေ့အထိ နှစ်ပတ်ကြာအသုံးပြုသွားလာတာတွေ မပြုလုပ်ကြဖို့ ဒေသတွင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဆယ်ဖွဲ့ရဲ့ စစ်ကြောင်းမှူးတွေက လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားပါတယ်။
 
မနေ့ကမနက်ပိုင်းမှာ အဲ့ဒီလိုထုတ်ပြန်ထားတဲ့အပြင် မြေပြင်မှာလည်း သတိပေးတားဆီးမှုတွေ လုပ်ထားတဲ့ကြားက ကုန်တင်ကားတွေအပါအဝင် ယာဉ်တချို့ အာရှလမ်းမကြီးပေါ်ဖြတ်သန်းလာလို့ဆိုကာ မီးရှို့ဖျက်ဆီးခံရတာတွေ ရှိခဲ့ပါတယ်။ 
ဓာတ်ပုံ – CJ / Thai PBS