ဧပြီ၊ ၈
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ နားမခေါ်ကျေးရွာအနီးမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က တပ်ဖွဲ့တခု လှုပ်ရှားနေချိန် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားသုံးဦး ဒဏ်ရာရပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးက ပြောပါတယ်။
“ မနေ့က နားမခေါ် အဲဒီဘက်မှာက တိုက်ပွဲတော့ မဖြစ်ဘူး၊ ကျွန်တော်တို့ လှုပ်ရှားနေတဲ့အဖွဲ့တော့ ရှိတယ်၊ ကျွန်တော်တို့ လှုပ်ရှားနေတဲ့အချိန်မှာ ရဟတ်ယာဉ်သုံးစီးနဲ့ လားရှို့ဘက်ကနေ နားမခေါ်ကို လာရောက်ပစ်ခတ်တာ ဖြစ်တယ်၊ အရပ်သားတွေကတော့ ထိခိုက်သွားတယ် ” လို့ TNLA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါ တယ်။
စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်သုံးစီးနဲ့ ဆယ်မိနစ်ကြာ တဖက်သတ်လေကြောင်း တိုက်ခိုက်မှုကြောင့် နားမခေါ်ကျေးရွာနေ မိသားစုတခုက အရပ်သား အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။
ဒဏ်ရာရသူတွေထဲက အမျိုးသားတဦးဟာ ဒူးထိမှန် ဒဏ်ရာရရှိခဲ့သလို အမျိုးသမီးကတော့ ဗိုက်နဲ့ ပေါင်တို့မှာ ဒဏ်ရာရရှိခဲ့ပြီး သူတို့ရဲ့ သမီးဖြစ်သူကတော့ မျက်ခုံးတွင် ဒဏ်ရာအနည်းငယ် ရရှိခဲ့တဲ့အတွက် လားရှိုးဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
အဲဒီဗုံးကြဲ တိုက်ခိုက်မှုကြောင့် နားမခေါ်ကျေးရွာက ဗုံးထိမှန်ဒဏ်ရာရရှိတဲ့ မိသားစုနေထိုင်ရာအိမ် အပါအဝင် အိမ်နှစ်လုံး ထိမှန်ပျက်စီးတာတွေ ရှိတယ်လို့ သိရပါတယ်။
နားမခေါ်ကျေးရွာဟာ လားရှိုးမြို့တောင်ဘက် မိုင်နှစ်ဆယ်ဝန်းကျင်အကွာမှာရှိပြီး မန္တလေး-လားရှိုးလမ်းမကြီးနဲ့ သုံးမိုင်လောက်သာ ဝေးပါတယ်။
အဲ့ဒီဒေသကို TNLA ဘက်က တပ်မဟာ (၄)လှုပ်ရှားရာ စစ်ဒေသလို့ သတ်မှတ်ထားပြီး မနေ့က မနက်က TNLA စစ်ကြောင်းလှုပ်ရှားမှုရှိချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဆယ်မိနစ်ကြာ လာရောက်ပစ်ခတ်တိုက် ခိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – TNLA