ဧပြီ၊ ၈
နိုက်ဂျီးရီးယား နိုင်ငံက ကျေးရွာတခုမှာ သေနတ်သမားတွေ စီးနင်း ပစ်ခတ်မှုကြောင့် လူ ၅၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
နိုက်ဂျီးရီးယား နိုင်ငံ အလယ်ပိုင်းက ဘီနူး ပြည်နယ်ထဲမှာရှိတဲ့ အူမိုဂီဒီဆိုတဲ့ ကျေးရွာမှာ ပစ်ခတ် တိုက်ခိုက်မှု ၂ ကြိမ်ဖြစ်ပြီး လူတွေ အမြောက်အမြား သေဆုံးခဲ့တာပါ။ ဧပြီ ၅ ရက်က ရွာထဲမှာ သေနတ်သမားတွေ ဝင်ပစ်လို့ ရွာသား ၃ ယောက် သေခဲ့ပြီး နောက်တနေ့မှာတော့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအဖြစ် လူပေါင်း ၄၇ ဦးထက်မနည်း သတ်ဖြတ် ခံခဲ့ရတာပါ။
ဘီနူးပြည်နယ် ရဲတပ်ဖွဲ့က အူမိုဂီဒီ ကျေးရွာက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု သတင်း မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး ကျူးလွန်သူတွေဟာ ရွာရဲ့ စျေးတန်း တနေရာမှာ လူစည်ကားနေတုန်း ဝင်ရောက် ပစ်သတ်ခဲ့တာလို့ ကြေညာခဲ့ပါတယ်။ အစောပိုင်းမှာတော့ ရဲတွေက သေဆုံးသူ ဦးရေကို ၈ ဦးလို့သာ ထုတ်ပြန်ခဲ့ပါတယ်။
အခုလို ရွာထဲကို နှစ်ကြိမ်ဝင်ရောက် ပစ်ခတ်ခဲ့တဲ့ နောက်ကွယ်က အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ တိုက်ခိုက်မှု နှစ်ကြိမ်က ဆက်စပ်နေတယ်လို့ အာဏာပိုင်တွေက ယုံကြည်နေပါတယ်။
လောလောဆယ်မှာတော့ ဘယ်အဖွဲ့အစည်းကမှ အခု တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ယူ ကြေညာတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ရဲတွေကတော့ ရွာထဲက ကျွဲနွားကျောင်းသူတွေနဲ့ လယ်သမားတွေကြား ပဋိပက္ခကြောင့် ဖြစ်နိုင်တယ်လို့ ယူဆနေပါတယ်။
မကြာသေးခင်က လယ်သမားတွေက ကျွဲနွားကျောင်းသူတွေဟာ သူတို့မွေးထားတဲ့ တိရစ္ဆာန်တွေကို လယ်ကွက်တွေထဲ လွှတ်ပြီး ကျောင်းခဲ့တာကြောင့် ထိခိုက်နစ်နာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲ ပြောဆိုရာက ပြဿနာတွေ တက်ခဲ့ကြပါတယ်။
ဘီနူးပြည်နယ်ဟာ နိုက်ဂျီးရီးယားရဲ့ အစားအစာ ခြင်းတောင်းလို့ တင်စားခံရတဲ့ စိုက်ပျိုးရေး ဖွံ့ဖြိုးရာ ပြည်နယ်ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒေသတွင်းမှာ ပဋိပက္ခပေါင်းစုံ ဖြစ်ပွားရာက စိုက်ပျိုးရေး ကုန်ထုတ်စွမ်းအားလည်း လျော့ကျတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
Ref: Fox News