ဧပြီ၊ ၈
မန်ချက်စတာ ယူနိုက်တက် အနေနဲ့ တည်ငြိမ်အားကောင်းတဲ့ ခြေစွမ်းမျိုးကို ထိန်းသိမ်းထားနိုင်ဖို့ လိုတယ်လို့ အသင်းမန်နေဂျာ အဲရစ်တန်ဟက်ဂ်က ကစားသမားတွေကို သတိပေး ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်ဟာ နောက်ဆုံး ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ခုမှာ နယူးကာဆယ် ယူနိုက်တက်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ဘရန့်ဖို့ဒ်ကိုတော့ ၁-၀ နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒါကြောင့် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရမှတ် ၅၃ မှတ်နဲ့ ရပ်တည်နေသလို ပဉ္စမ နေရာက တော့တင်ဟမ် ဟော့စပါးထက် ၃ မှတ် အသာရထားပါတယ်။
ယူနိုက်တက်ဟာ လာမယ့်ရာသီ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲကို ပါဝင်ခွင့် ရဖို့အတွက် အမှတ်ပေးဇယား ထိပ်ဆုံး ၄ သင်းမှာ ပါဝင်ဖို့ လိုပါတယ်။ အသင်းဟာ ပရီးမီးယားလိဂ်မှာ ၁၀ ပွဲကစားဖို့ ကျန်နေပြီး တော့တင်ဟမ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရမယ့် ပွဲစဉ်လည်း ပါဝင်နေပါတယ်။
နယ်သာလန်သား မန်နေဂျာ တန်ဟက်ဂ်က အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်း မတည်ငြိမ်ဘူးဆိုရင် အနာဂတ်မှာ ပြဿနာတွေ ရှိလာနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ယူနိုက်တက်လို အသင်းမျိုးက စွမ်းဆောင်ရည် အတိုင်းအတာ တခုကို စံသတ်မှတ်ချက် အနေနဲ့ တည်တည်ငြိမ်ငြိမ် ထိန်းထားဖို့ လိုအပ်ကြောင်း၊ ဒီလို အသင်းမျိုးမှာ ကစားနေသူတိုင်းဟာ အဲဒီလို စွမ်းဆောင်ရည် တည်ငြိမ်မှုမျိုး ပြသဖို့ တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်ကြောင်း တန်ဟက်ဂ်က ပြောပါတယ်။
ဒါဟာ ကစားသမားတိုင်း ရှောင်လွှဲလို့ မရတဲ့ တောင်းဆိုမှုဖြစ်ပြီး အသင်းသားတိုင်းက ကိုယ့်ရဲ့ စွမ်းဆောင်ရည်အတွက် စံနှုန်းတခု ထားရှိ သတ်မှတ်ထားဖို့လိုကြောင်း၊ အသင်းရဲ့ အစဉ်အလာနဲ့ ယဉ်ကျေးမှုအရ ဒီလို စံနှုန်းမျိုးဟာ မဖြစ်မနေ လိုအပ်ပြီး ထိပ်ဆုံးအဆင့် ဆုဖလားတွေကို ရည်မှန်းထားတဲ့ ကစားသမားတိုင်းဟာ ခြေစွမ်း တည်ငြိမ်ဖို့ မဖြစ်မနေ လိုအပ်ကြောင်းလည်း သူက သတိပေးသွားပါတယ်။
ယူနိုက်တက်ဟာ ဧပြီ ၈ ရက်မှာ အဲဗာတန် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲဗာတန်ဟာ မန်နေဂျာသစ်အဖြစ် ရှောင်ဒိုင်ချီကို ခန့်အပ်လိုက်တဲ့နောက်ပိုင်း သိသိသာသာ တိုးတက်မှုတွေ ရှိလာသလို တန်းဆင်းဇုန်ထဲက ရုန်းထွက်လာနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ အဲဒီပွဲစဉ်အတွက် နောက်ခံလူ လုခ်ရှောကို လက်လွှတ်ထားရမှာ ဖြစ်ပေမယ့် ဒဏ်ရာကြောင့် လအတော်ကြာ အနားယူနေရတဲ့ ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆန်ကတော့ အသင်းလူစာရင်းထဲ ပြန်လည် ပါဝင်လာနိုင်ကြောင်း တန်ဟက်ဂ်က အတည်ပြုသွားခဲ့ပါတယ်။
Ref: Goal