ဧပြီ၊ ၇
စစ်ကောင်စီကျင်းပမယ့် သင်္ကြန်မှာ ပူးပေါင်းပါဝင်မှုမလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေး ထုတ် ပြန်ပြောဆိုမှုတွေရှိနေပေမယ့် သင်္ကြန်ကာလနီးကပ်လာတာနဲ့အမျှရန်ကုန်မြို့အနှံ့မှာပုဂ္ဂလိကရေကစားမဏ္ဍပ် တွေဆောက်လုပ်လာနေကြပါတယ်။
မူလက စစ်ကောင်စီရဲ့မြို့တော်ဝန်မဏ္ဍပ်၊ရန်ကုန်တိုင်းအစိုးရနဲ့ဌာနဆိုင်ရာမဏ္ဍပ်တချို့သာ ဆောက်လုပ်မှု ရှိရာ ကနေ ဒီရက်ပိုင်းမှာ ပုဂ္ဂလိကရေကစားမဏ္ဍပ်တွေလည်း ဆောက်လုပ်တာတွေ့လာရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
လက်ရှိမှာ တာမွေမြို့နယ်၊အရှေ့မြင်းပြိုင်ကွင်းလမ်းက ရွှေသံလွင်ကုမ္ပဏီပိုင် ရွှေထွဋ်တင်ကွင်းရှေ့မှာ သင်္ကြန်ရေ ကစားမဏ္ဍပ်တခုစတင်ဆောက်လုပ်နေသလို ဗိုလ်တထောင်မြို့နယ် ဗိုလ်အောင်ကျော်လမ်းနဲ့ သိမ်ဖြူလမ်းကြား မဟာဗန္ဓုလလမ်းပေါ်မှာလည်း အကြီးစားရေကစားမဏ္ဍပ်တခုဆောက်လုပ်နေတယ်လို့သိရပါတယ်။
“မနှစ်ကလည်းအဲဒီနားမှာမဏ္ဍပ်အသေးဆောက်ခဲ့သေးတယ်၊ဒီနှစ်က ပိုကြီးတယ်၊ပုဂ္ဂလိကမဏ္ဍပ်လား၊ စကစ မြို့နယ်မဏ္ဍပ်လားမပြောတတ်ဘူး”လို့ ဗိုလ်တထောင်မြို့နယ်မှာ နေထိုင်သူတဦးကပြောပါတယ်။
အလားတူ သင်္ဃန်းကျွန်းမြို့နယ်က သုဝဏ္ဏဘူမိကွင်းထဲမှာလည်း ရေကစားပွဲပြုလုပ်ဖို့ရှိနေကာ လက်မှတ်တွေ စတင်ရောင်းချနေပြီး သင်္ကြန်ကာလတရက်စာအတွက် လက်မှတ်ခ ကျပ် သုံးသောင်းကနေ ခုနှစ်သောင်းဝန်း ကျင်အထိ ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် တခြားနေရာတွေမှာလည်း သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ဖို့ပြင်ဆင်နေတာတွေရှိနေပြီး စစ်ကောင်စီ လက် အောက်ခံ ရန်ကုန် စည်ပင်ဌာနကတော့ အခုနှစ်သင်္ကြန်အတွက် မဏ္ဍပ်အရေအတွက် ဘယ်လောက် ဆောက်လုပ်ခွင့်ပြုထားတယ်ဆိုတာ ထုတ်ပြန်မှုမရှိသေးပါဘူး။
လက်ရှိကာလ တော်လှန်ရေးကာလဖြစ်နေပြီး အများပြည်သူ ပူဆွေးသောကရောက်နေချိန်မှာ ပျော်ပါးပြတာတွေ မလုပ်ဖို့ကို တော်လှန်ရေးအင်အားစုတွေကတောင်းဆိုထားချိန်မှာ လုပ်ငန်းရှင်တချို့ကပါ စစ်ကောင်စီအလိုကျ သင်္ကြန်ပွဲလုပ်ဖို့ပြင်ဆင်နေကြတာပါ။
တော်လှန်ရေး အင်အားစုတွေဘက်က သတိပေးမှုတွေအပြင် လက်ရှိရက်ပိုင်းအတွင်းမှာလည်း ရန်ကုန်မှာ စစ်အုပ်စုနဲ့သက်ဆိုင်တဲ့နေရာတွေကို ဖောက်ခွဲတိုက်ခိုက်တဲ့ဖြစ်စဉ်တွေဆက်တိုက်ရှိနေတာကြောင့် သင်္ကြန် ကာလမှာ မထင်မှတ်တဲ့တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အခုနှစ်သင်္ကြန်ကို စည်စည်ကားကားကျင်းပမယ်လို့ကြွေးကြော်ထားသလို သင်္ကြန် ပွဲတော်စည်ကားရေးအတွက် ဌာနဆိုင်ရာတွေနဲ့ စစ်အုပ်စုနဲ့နီးစပ်တဲ့စီးပွားရေး လုပ်ငန်းရှင်တွေကို ဖိအားပေး တာ တွေလည်းရှိနေပါတယ်။
နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ်အလိုက် သင်္ကြန်မဏ္ဍပ်တွေဆောက်လုပ်ကြဖို့လည်းစစ်ကောင်စီက ဆော်သြထားပါ တယ်။
ပြီးခဲ့တဲ့နှစ်ကတော့ ရန်ကုန်မှာ မြို့တော်ဝန်မဏ္ဍပ်နဲ့ တိုင်းအစိုးရမဏ္ဍပ်သာဆောက်လုပ်မှုရှိခဲ့ပြီး မြို့ခံပြည်သူ အ များစု ပါဝင်မှုမရှိဘဲ နေ့စားနဲ့ခေါ်ထားသူတွေ၊ Non CDMဝန်ထမ်းတွေနဲ့သာ ရေကစားပြပြီးစည်ကားကြောင်း ဝါဒ ဖြန့်တာတွေလုပ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ဝေဖန်ထားကြပါတယ်။
ရန်ကုန်လေဆိပ်ထဲက လေတပ်ကို ဧပြီ ၆ရက်ညပိုင်းက ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ် ဖော်ကြေညာထားတဲ့ ရန်ကုန်မြို့ပြပြောက်ကျား အဖွဲ့နှစ်ခုကတော့ သင်္ကြန်ကာလမှာ စစ်ကောင်စီရဲ့ တပ်တွင်း သင်္ကြန်မဏ္ဍပ်တွေကို ဝေးဝေးရှောင်ကြဖို့ ကြိုတင်အသိပေးထားပြီး တိုက်ခိုက်မှုတွေအချိန်မရွေးပေါ်ပေါက်လာနိုင် တယ်လို့လည်းဆိုထားပါတယ်။