နန့်ယားဂိတ်ကို စစ်အုပ်စုက ပိတ်ထားတဲ့အတွက် ဖားကန့်မှာ စက်သုံးဆီအပါအဝင် ကုန်ဈေးနှုန်းကြီးမားနေ

ဧပြီ၊ ၇

ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ်ရှိ နန့်ယားဂိတ်ကို စစ်အုပ်စုက ပိတ်ပင်ထားသလို အချိန်အကန့်အသတ်နဲ့သာဖြတ်သန်းခွင့်ပြုနေတဲ့ အတွက် ဖားကန့်မြို့မှာ စက်သုံးဆီအပါအဝင် အခြေခံစားသောက်ကုန်တွေမှာ ကုန်ဈေးနှုန်းကြီးမားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကာမိုင်းနဲ့ ဖားကန့်သွားကားလမ်းပေါ်ရှိ နန့်ယားစစ်ဆေးဂိတ်ကို စစ်အုပ်စုက ပြီးခဲ့တဲ့ ၃ လလောက်ကတည်းက မနက် ၉ နာရီကနေညနေ ၅ နာရီအထိသာ ဖြတ်သန်းခွင့်ပြုသလို ကုန်စည်တင်ပို့နေတဲ့ ကားကြီးတွေကိုလုံးဝပေးသွားခြင်းမရှိဘူးလို့ ဖားကန့်မြို့နယ် မှော်ပုံရပ်နေ ဒေသခံ တဦးကပြောပါတယ်။

” ဖွင့်တဲ့အချိန်ပိတ်တဲ့အချိန်နောက်ကျတော့ ပြည်သူတွေ စိတ်ဆင်းရဲနေရတာအဲဒီဂိတ်ပဲ။ မနက်ဆို ၈ နာရီကျော်လောက်မှာဖွင့်တယ် ဒါတောင်မမှန်ဘူး ညနေကျ ၅ နာရီဆိုပိတ်ကော။ ပိတ်လိုက်ရင် ဆိုင်ကယ်ရော ကားရောဘယ်သူမှာသွားမရတော့ဘူး။ ဖားကန့်ဝင်တာ နှစ်လမ်းရှိတာ ဝေခါလမ်းကလည်း တခါတလေ ကျတော့ ဆီကားတွေတက်ကြတော့ ပိုက်ဆံတောင်းချင်လိုနေမယ် ပိတ်လိုက်ဖွင့်လိုက်လုပ်နေတာပါ။ အဲကျတော့ ဈေးကဘယ်လိုမှာ ပြန်မကျဘူးဗျ ။၃၀၀၀ အောက်ဘာမှာဝယ်မရဘူး မြစ်ကြီးနားနဲ့ ဖားကန့်ဆီဈေးအတော်ကွာတယ် ” လို့ သူကဆိုပါတယ်။

လက်ရှိဖားကန့်မှာ ပရီမီယံဆီ တလီတာကို ၃၆၀၀  နီးပါးရှိပြီး တစ်ဂါလံကို ၁၄၀၀၀ ဝန်ကျင်လောက် ဈေးရှိနေသလို ငွေတိုး ဆန်တအိတ်ကို ကျပ်တသိန်းပတ်ချာလည်ဈေးရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“မနက်ဆိုရင် သွားကြည့်လိုက် အစီး သုံးလေးရာလောက်က အဲဒီဂိတ်မှာ ပိတ်မိနေတာ။ ဘယ်မှာလည်း တက်မရဘူး။ ဖွင့်ချိန်ကျတော့လည်း ငွေတအားတောင်းတယ်ဗျ။ ဈေးရောင်း ဈေးဝယ်တွေက သွားရေးလာရေး ကျတော့ အရမ်းခက်ခဲသွားတယ်။ အဲလိုတွေပိတ်တော့ ဖားကန့်မှာ ဆီအပါအဝင် အရေးကြီးတဲ့ပစ္စည်းတွေကဈေးတက်လာတယ် ” လို့ ဒေသခံ တဦးကပြောပါတယ်။

ဖားကန့်ကို ဝင်တဲ့ လမ်းကြောင်း နှစ်ခုကို စစ်အုပ်စုက အကြောင်းမဲ့ ပိတ်ပင်တက်သလို နန့်ယားဂိတ်မှာ ဆီသယ်ကားကြီးတွေမြို့ထဲပေးမဝင်တဲ့အတွက် ဆီပေပါကားသေးတွေနဲ့ ပြောင်းလဲသယ်ယူနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“ကားကြီးတွေအတက်မခံတော့ ကားသေးနဲ့ကုန်ရောင်းကုန်ဝယ်လုပ်တဲ့သူတွေတောင် အတော်ကိုက်နေကြတယ်။ ဒီကနေ့ဆီတွေဝယ် ဟိုမှာပြန်သွားရောင်းအဲလိုလုပ်တာပေါ့။ ဆီပဲကူးနေကြတယ် ပါကျဲဒိုးတွေတောင် ဆီပေပါတွေ တင်ပြီးလုပ်နေကြတာဗျ။ သယ်တာကတော့ ဟိုပင် ၊ မိုးညှင်း၊ အင်းတော်ကြီးဖက်က ဆိုင်တွေကသယ်တာများတယ်။ တချို့ကျတော့ မန္တလေးကသယ်လာပြီး အင်းတော်ကြီးလောက်ကနေ ကားသေးနဲ့ပြောင်းပြီး ဒီဖက်သယ်ကြတယ်။ ကုန်ကျစရိတ်က နှစ်ဆဆိုတော့ ဆီဈေးကအခုလုံးဝ မကျတော့ဘူးဗျ ” လို့ သူကဆိုပါတယ်။

လက်ရှိ ဖားကန့်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့တွေကြား တိုက်ပွဲကြီးကြီးမားမားဖြစ်ပေါ်တာမရှိသေးဘူးလို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီလို တိုက်ပွဲတွေဖြစ်တယ်ဆိုရင် စစ်အုပ်စုက ကားလမ်းတွေကို ပိတ်ပင်တာတွေလုပ်လေ့ရှိနေတာပါ။