သွေးကင်ဆာ ရောဂါ ခံစားနေရတဲ့ အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ

ဧပြီ၊ ၇

အီတလီ ဝန်ကြီးချုပ်ဟောင်း ဆီဗီယို ဘာလူစကိုနီဟာ သွေးကင်ဆာ ရောဂါ စွဲကပ်ပြီး ဆေးရုံတက် ကုသမှု ခံယူနေရကြောင်း သိရပါတယ်။

 ဧပြီ ၅ ရက်က ဘာလူစကိုနီရဲ့ ကျန်းမာရေး အခြေအနေ ရုတ်တရက် ဆိုးရွားလာတဲ့နောက် မီလန်မြို့မှာရှိတဲ့ ဆေးရုံတခုဆီ အဆောတလျင် တင်ပို့ခဲ့ရပါတယ်။ အသက် ၈၆ နှစ်အရွယ် ဝါရင့် နိုင်ငံရေးသမားကြီးဟာ အသက်ရှူရခက်တဲ့ ပြဿနာကြောင့် ဆေးရုံ တက်ခဲ့ရတာလို့ ကနဦး သတင်းတွေက ဖော်ပြပါတယ်။

 သူဟာ အဆုတ်မှာ ပိုးမွှားဝင်ရောက်တဲ့ ဝေဒနာအပြင် ပြင်းထန်တဲ့ သွေးကင်ဆာ ရောဂါတမျိုးပါ ခံစားနေရကြောင်း ဆေးရုံက အခုအခါမှာ အတည်ပြုခဲ့ပါတယ်။

 သူ့ရဲ့ ကျန်းမာရေး သတင်းကို ကြားသိတဲ့နောက် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေက ဘာလူစကိုနီ အမြန်ဆုံး ပြန်လည် ကျန်းမာလာဖို့ ဆုမွန်ကောင်းတွေ တောင်းပေးနေကြပါတယ်။ ဘာလူစကိုနီဟာ ၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်ရောဂါ စွဲကပ်ခဲ့ဖူးပြီး အဲဒီ နောက်ဆက်တွဲ ကာလတွေမှာ တောက်လျှောက် ကျန်းမာရေး ယိုယွင်း ကျဆင်းလာခဲ့ပါတယ်။

 ဒါပေမဲ့ သူဟာ လက်ရှိ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ ဦးဆောင်တဲ့ လက်ယာယိမ်း ညွန့်ပေါင်း အစိုးရ အဖွဲ့မှာ ပါဝင်တဲ့ ဖော်ဇာ ပါတီ အကြီးအကဲအဖြစ် ဆက်လက် တာဝန်ယူထားသလို ရွေးကောက်ခံ လွှတ်တော် အမတ်တဦးလည်း ဖြစ်ပါတယ်။ ဘာလူစကိုနီဟာ အီတလီ ဝန်ကြီးချုပ်အဖြစ် သက်တမ်း ၄ ကြိမ် တာဝန်ယူခဲ့ဖူးပါတယ်။

 ဘာလူစကိုနီရဲ့ သွေးကင်ဆာရောဂါ ပြင်းထန်မှု အခြေအနေကို တိတိကျကျ မသိရသေးပေမယ့် လက်ရှိ အီတလီ အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဖော်ဇာ ပါတီဝင် အန်တိုနီယို တက်ဂျာနီကတော့ အတတ်နိုင်ဆုံး အကောင်းမြင်ထားမယ်လို့ ပြောပါတယ်။

 ဘာလူစကိုနီဟာ အီတလီရဲ့ နိုင်ငံရေး နယ်ပယ်မှာ ထိပ်ဆုံးထိ ရောက်ခဲ့ဖူးသလို ပြည်တွင်းမှာ ခမ်းနားတဲ့ မီဒီယာ အင်ပါယာ တခုကို ထူထောင်ခဲ့တဲ့ ဘီလီယံနာ သူဌေးကြီး ဖြစ်ပါတယ်။ သူဟာ ၂၀၁၁ ခုနှစ်မှာ အီတလီ ဝန်ကြီးချုပ် တာဝန်ကို နောက်ဆုံးအကြိမ် ထမ်းဆောင်ခဲ့ပြီး သူ့ရဲ့ ဝန်ကြီးချုပ်ဘဝ နောက်ဆုံး နှစ်ပိုင်းတွေမှာတော့ လိင်ကိစ္စ လွန်လွန်ကျူးကျူး လိုက်စားမှု၊ အဂတိမှု စွပ်စွဲချက်တွေနဲ့ အကြီးအကျယ် နာမည်ပျက်ခဲ့ရပါတယ်။