ဧပြီ၊ ၇
လူ ၁၀ ဦးနဲ့အတူ ပင်လယ်ပြင်မှာ ပျောက်ဆုံးသွားတဲ့ ဂျပန် စစ်ဘက် ရဟတ်ယာဉ်ကို လိုက်လံ ရှာဖွေရာမှာ အပျက်အစီး အစိတ်အပိုင်း တချို့ကို စတင်ရှာတွေ့နေပြီလို့ သိရပါတယ်။
အိုကီနာဝါ ကမ်းလွန် ပင်လယ်ပြင်မှာ အဆက်အသွယ် ပြတ်တောက်သွားတဲ့ UH60 Black Hawk ရဟတ်ယာဉ်ဟာ ပျက်ကျသွားခဲ့တာ ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆက အခု အပျက်အစီးတွေ ရှာတွေ့မှုကြောင့် ပိုမို ခိုင်မာလာခဲ့ပါတယ်။
ရဟတ်ယာဉ်ဟာ ပျံသန်းနေရင်း မတော်တဆ ဖြစ်ရပ် တခုခု ကြုံခဲ့ပုံ ပေါ်တယ်လို့ ဂျပန် ပြည်စောင့်တပ်ရဲ့ ဗိုလ်ချုပ်ကြီး ယာဆူနိုရီ မိုရီရှီတာက ဧပြီ ၇ ရက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
အမေရိကန်လုပ် ဘက်စုံသုံး စစ်ရဟတ်ယာဉ်ဟာ ဧပြီ ၆ ရက်က မီယာကို ကျွန်းနားမှာ ပျံသန်းနေတုန်း ရေဒါမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။
အင်ဂျင်နှစ်လုံးတပ် ရဟတ်ယာဉ်ကို ဂျပန်ရဲ့ ပြည်စောင့်တပ်ဖွဲ့၊ ကြည်းတပ်က အသုံးပြုနေတာ ဖြစ်ပါတယ်။ ရဟတ်ယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီးတာနဲ့ ဂျပန်ရေတပ်၊ ကမ်းခြေစောင့်တပ်တို့က ပင်လယ်ပြင်မှာ ဖြန့်ကျက် ရှာဖွေမှုတွေ စတင်ခဲ့ပါတယ်။
အခုအခါမှာတော့ ရေပြင်ပေါ်မှာ ရဟတ်ယာဉ်ရဲ့ တံခါး၊ ပန်ကာဒလက်လို့ ယူဆရတဲ့ အစိတ်အပိုင်းတချို့နဲ့ ဆီကွက်တွေကို ရှာတွေ့ထားပြီးပါပြီ။ ရဟတ်ယာဉ်ပေါ် ပါသွားသူတွေရဲ့ ကံကြမ္မာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
မီယာကိုကျွန်းဟာ ထိုင်ဝမ်ရဲ့ အရှေ့ဖက် ကီလိုမီတာ ၄၀၀ လောက် အကွာမှာ တည်ရှိပြီး ဂျပန်ပြည်စောင့်တပ်၊ ကြည်းတပ်ရဲ့ ဒုံးကျည်ယူနစ်တခု ဖြန့်ကျက် အခြေစိုက်ထားပါတယ်။