ကလေးမြို့မှာစစ်ကောင်စီတပ်က ဘုရားကျောင်းအလှူငွေတွေယူဆောင်၊လူမျိုးရေးခွဲခြားတဲ့စာတွေရေးသားထားခဲ့

ဧပြီ၊ ၇

ကလေးမြို့နယ်မြောက်ပိုင်း ၊ပျဥ်းတောဦးကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းက လူနေအိမ် လေးလုံး၊ စပါးကျီတလုံးကိုမီးရှိူ့ဖျက်ဆီးပြီး ကျေးရွာတွင်းက ပစ္စည်းတွေယူဆောင်ကာ လူမျိုးရေးခွဲခြားတဲ့စာတွေလည်း အဆောက်အဦး နံရံတွေမှာရေးသားထားခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

” ညောင်ကုန်း၊လက်ပံချောင်းကတော့ ဘုရားကျောင်းရော၊အိမ်တွေရော အကုန်မွှေတာပဲ။ သူတို့ဒီလိုမွှေနောက်ပြီးယူတာက အဆန်းမဟုတ်တော့ပါဘူးဗျာ” လို့ ကလေးမြို့မြောက်ပိုင်းဒေသခံတဦးကပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ညောင်ကုန်းရွာဘုရားကျောင်း ကဘုရားတက်ရင်းထည့်ဝင်ထားတဲ့ အလှူငွေပုံးထဲကငွေတွေကိုယူသွားတာဖြစ်ပြီး ငွေပမာဏကိုတော့သိရှိရခြင်းမရှိပါဘူး။ 

ဒါ့အပြင်စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ကျေးရွာတွင်းက အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်ခဲ့ကြတယ်လို့ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ပျဥ်းတောဦးရွာကအဆောက်အအုံနံရံတွေမှာ နောက်တခါဆိုမီးရှိူ့မယ်၊ ချင်းစုတ် PDFစတဲ့ခြိမ်းခြောက်စာအပါအဝင် လူမျိုးရေးခွဲခြားတဲ့စာတွေပါရေးသားထားခဲ့တာပါ။

” သူတို့ကိုပိုမုန်းတာပေါ့။ ချင်းနဲ့ဗမာအတူလက်တွဲတော်လှန်နေကြတာ။ အကုန်လုံးကနားလည်နေကြပြီးပြီ။ သူတို့သာရှေးခတ်က ဗျူဟာတွေလာသုံးနေတာ” လို့ ကလေးမြို့မြောက်ပိုင်း ဒေသခံချင်းလူမျိူးတဦးကပြောပါတယ်။

ကလေးမြို့နယ်မြောက်ပိုင်းက ပြည်တော်သာ၊ နန်းချောင်း၊ သာယာကုန်း၊ စမိတ်ကွင်း၊ အင်ကြင်းခုံ၊ ကြိုးကြာကွင်း၊ လက်ပံချောင်း၊ မြောက်ချောတော၊ ချင်းစု၊ ပျဉ်းတောဦး၊ညောင် ကုန်း၊ မင်းလှ၊ အောင်ရွာ၊ ကိမ်းလိုင်၊ ရှုခင်းသာ၊ ချမ်းသားကြီး၊ ရာဇဂြိုလ်ကျေးရွာတွေက ပြည်သူ ငါးသောင်းဝန်းကျင်ဟာ စစ်ကောင်စီရဲ့စစ်ကြောင်းထိိုးမူကြောင့် ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတာပါ။

” စစ်ဘေးရှောင်တဲ့တချို့မြင်ကွင်းတွေက စိတ်ကောင်းဘူးဗျာ။ ရှိတဲ့လူတွေကတော့ မြို့ပေါ်ပြေးကြတာပေါ့။ မရှိတဲ့လူကြတော့ စက်ဘီးကိုမရှိတာ။ အထုပ်လေးတွေရွက်ပြီး စစ်ရှောင်စခန်းတွေဆီ ခြေလျင်သွားကြရတာ” လို့ ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာတွေကို ယူဆောင်ရုံတင်မက တိုက်ပွဲဖြစ်ရင် ပြည်သူတွေရှိတဲ့နေရာတွေကို ပြေးလာပြီး ကာဘာယူခဲ့ကြတယ်လို့လည်း ဒေသခံတဦးကပြောပါတယ်။

” သူတို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေကပစ်ရင်သူတို့က ရွာထဲကိုဝင်ပြေးရောဗျ။ ရွာထဲမှာကလည်း မပြေးနိုင်သေးတဲ့လူတွေကျန်ခဲ့တော့ ကလေးတွေက ပစ်လို့မရတဲ့အနေအထားတွေရှိခဲ့တယ်” လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကအဖြစ်အပျက်တွေကို ဒေသခံတဦးကပြောပါတယ်။

ကလေးမြို့နယ်မြောက်ပိုင်းမှာ စစ်ရှောင်သောင်းချီရှိပြီး စစ်ဘေးရှောင်ဦးရေများလာတာကြောင့် အရေးပေါ်အကူအညီတွေလိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်ကူညီသူတွေဆီကသိရပါတယ်။