ဧပြီ၊ ၇
ချယ်လ်ဆီးဆီက နောက်တကြိမ် ထပ်မံ ကမ်းလှမ်း ခေါ်ယူမှုကို လက်ခံရရှိချိန်မှာ လုံးဝထင်မှတ် မထားခဲ့တာကြောင့် အရမ်းအံ့ဩမိခဲ့တယ်လို့ အသင်းရဲ့ ယာယီမန်နေဂျာ ဖရန့်ခ် လမ်းပတ်က ဝန်ခံခဲ့ပါတယ်။
လန်ဒန်ကလပ်ဟာ မန်နေဂျာ ဂရေဟမ် ပေါ့တားကို ထုတ်ပယ်လိုက်တဲ့နောက် အသင်းရဲ့ ဂန္ထဝင် ကစားသမားဟောင်းလည်းဖြစ်၊ မန်နေဂျာဟောင်းလည်းဖြစ်တဲ့ လမ်းပတ်ကို ရာသီကုန်ထိ အသင်းကို ကိုင်တွယ်စေမယ့် ယာယီ မန်နေဂျာ နေရာမှာ ထားရှိ ခန့်အပ်ခဲ့ပါတယ်။
အသက် ၄၄ နှစ်အရွယ် လမ်းပတ်ဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ချဲလ်ဆီး မန်နေဂျာ အဖြစ်ကနေ ထုတ်ပယ် ခံခဲ့ရသူပါ။ အခုတော့ ၂ နှစ်ကျော် အကြာမှာ စတမ်းဖို့ဒ် ဘရစ်ဂျ် ကွင်းကြီးဆီ ပြန်လည် ခြေချလာခဲ့ပါပြီ။
အသင်းက သူ့ကို ပြန်ခေါ်မယ်လို့ ဆုံးဖြတ်ခဲ့တယ် ဆိုတာက တော်တော်လေး အံ့ဩစရာ ဖြစ်ခဲ့ကြောင်း၊ ဒါပေမဲ့ ချဲလ်ဆီးအတွက် အလုပ်ပြန်လုပ်ပေးဖို့ ဆိုတာက ခက်ခက်ခဲခဲ စဉ်းစားနေစရာ ဘာပြဿနာမှ မရှိတဲ့ ကိစ္စမို့ အလွယ်တကူ လက်ခံခဲ့ကြောင်း အခုနှစ်ဆန်းပိုင်းမှာ အဲဗာတန်နဲ့ လမ်းခွဲပြီး ကတည်းက အသင်းလက်မဲ့ ဖြစ်နေတဲ့ လမ်းပတ်က ဆိုပါတယ်။
သူ့အတွက်တော့ ချဲလ်ဆီးဆိုတာ ကိုယ့်အိမ်ကိုယ့်ရာလို ဖြစ်တာကြောင့် အခုလည်း ကိုယ့်အိမ်ကိုယ် ပြန်လာပြီး ကိုယ့်မိသားစုအတွက် အလုပ်လုပ်ပေးသလိုပဲ ခံစားရကြောင်းလည်း သူက ဆက်ပြောပါတယ်။
သူ့ကိုယ်သူ ချဲလ်ဆီး မန်နေဂျာအဖြစ် ထပ်ပြီး တာဝန်ယူရမယ်လို့ မျှော်လင့်ခဲ့ဖူးသလားလို့ မေးတဲ့အခါ အင်္ဂလန်သား မန်နေဂျာက ရိုးရိုးသားသား ဖြေရရင်တော့ သူဟာ ချဲလ်ဆီး မန်နေဂျာ ပြန်ဖြစ်ဖို့ အမြဲတမ်း စိတ်ကူးမိခဲ့ကြောင်း၊ ဒီအတွက် သူဟာ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေဖို့ လိုကြောင်း၊ အသင်းကို နောက်တခေါက် ပြန်ကိုင်တွယ်ခွင့် ရတာဟာ အရင်တကြိမ်က မပြီးသေးတဲ့ ကိစ္စကို ပြန်အကြွေးဆပ်ဖို့လို့ သဘောမထားဘဲ ကွဲပြားတဲ့ ကာလတခုမှာ အသင်းအတွက် အစွမ်းကုန် အလုပ်လုပ်ပေးဖို့ အခွင့်အရေး ရလာတယ်လို့သာ ခံယူကြောင်း၊ ပြန်အကြွေးဆပ်တယ် ဆိုတာမျိုးက နည်းနည်းတော့ ဟောလိဝုဒ် ဆန်နေကြောင်း လမ်းပတ်က ဖြေကြားသွားပါတယ်။
လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၁ နေရာထိ ကျဆင်း ရပ်တည်နေတဲ့ ချဲလ်ဆီးဟာ ဧပြီ ၈ ရက်မှာ ဝုလ်ဗ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။