ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီလက်ချက်နဲ့ PDF ထောက်ပို့တဦးသေဆုံး

ဧပြီ၊ ၆
 
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ပဲပြစ်တောကျေးရွာ PDF ထောက်ပို့တဦးကို စစ်ကောင်စီတပ်တွေက ဧပြီလ ၅ ရက်၊ နေ့လည် ၁ နာရီမှာ အကြမ်းဖက်သတ်ဖြတ်ခဲ့တယ်လို့ ချောင်းဦးမြို့က ဒေသခံတဦးက DNA ကိုပြောပါတယ်။
 
မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ အင်အား ၇၀ ပါတဲ့ စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
“ ခြေထောက်တွေကို နှစ်ဖက်စလုံး ရိုက်ချိုးထားတယ်။ ပြီးတော့ ထင်းမီးစတွေနဲ့ သူ့ကို နေရာအနှံ့ထိုးပြီး စစ်မေးတယ်။ သူတို့လိုချင်တဲ့ သတင်းရသွားလို့လား မရလို့လားတော့ မသိဘူး ခေါင်းကိုတေ့ပြီး ပစ်သတ်သွားတယ် “ လို့ ဒေသခံတဦးက ပြောပါတယ်။
 
သေဆုံးသူဟာ ပဲပြစ်တောကျေးရွာနေ အသက် ၃၀ အရွယ်ရှိ ဦးကျော်စန်း ဆိုသူဖြစ်ပေမယ့် မိသားစုအခြေအနေအကြောင်းကို သေချာမသိဘူးလို့ ပြောကြပါတယ်။
 
“ ကိုကျော်ဆန်းက သူ့ယာခင်းထဲကို သိုးတွေဝင်စားလို့ဆို သွားခြောက်တာ။ စစ်ကြောင်းဝင်တာနဲ့တိုးပြီး စစ်မေးပီးသတ်ခံရတာ။ သူ့အိမ်ထဲက လက်လုပ်သေနတ်တွေ ပါသွားတယ်။ အတိအကျတော့ မသိရဘူး “ လို့ ချောင်းဦးမြို့က ဒေသခံတဦးက ပြောပါတယ်။
 
သူပိုင်တဲကနေ လက်လုပ်သေနတ်တချို့နဲ့ လက်လုပ်မိုင်းတချို့ကို စစ်ကောင်စီက သိမ်းဆည်းသွားတယ်လို့လည်း သိရပါတယ်။
 
ဒါ့အပြင် မတ်လ ၃ ရက်က ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ်တဦးနဲ့ အမျိုးသမီးတဦး သေဆုံးသွားသေးတယ်လို့ သူက ဆိုပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၄ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေငြာပြီးချိန်ကနေစတင်ပြီး တောင်ရွာကို ဝင်မယ်ဟန်ပြပြီး မြောက်ရွာကနေ စောင့်ပြီး စစ်ကြောင်းထိုးတာတွေအပြင် တရွာကနေ တရွာကူးချိန်မှာ အရပ်သားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာကို လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်အာဏာသိမ်းမှု ၂ နှစ်ပြည်ပြီးချိန်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်မှုတွေကြောင့် သတ်ဖြတ်ခံရတဲ့ အရပ်သား၊ တက်ကြွလှုပ်ရှားသူတွေ စုစုပေါင်း ၃၂၁၂ ဦး ရှိလာပြီလို့ ဒီအရေးကို စောင့်ကြည့်မှတ်တမ်း တင်နေတဲ့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောထားပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်