ဧပြီ ၊ ၆
မန္တလေးတိုင်း ၊မဟာအောင်မြေမြို့နယ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်လမ်းလို့ လူသိများတဲ့ ၃၈ လမ်းပေါ်က စိန်ပန်းပင်တွေကို စစ်အုပ်စုလက်အောက်ခံ မြို့တော်စည်ပင်က သပြေဘူတပန်းပင်တွေနဲ့ အစားထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဧပြီလ ၄ ရက်နေ့လောက်ကစပြီး ၇၈ လမ်း နဲ့ ၇၃ လမ်းကြား ၃၈ လမ်း( ဒေါ်အောင်ဆန်းစုကြည်လမ်း) စစ်တပ်ပိုင် ရတနာပုံခန်းမ အနီးရှိ စိန်ပန်းပင်တွေကို မြို့တော်စည်ပင်က ခုတ်ထွင်ရှင်းလင်းနေတာပါ။
” အဲဒီလမ်းပေါ်က အပင်တွေကိုခုတ်နေတာဆိုတာဟုတ်တယ်။ အပင်တွေကအတော်တောင်ကြီးနေပြီဗျ။ အရိပ်ရအပင်တွေပါ ။ဘာကြောင့်ခုတ်တာလည်းဆိုတာတော့ မသိဘူးဗျ။ စည်ပင်ကားတွေနဲ့ အပင်တွေခုတ်ပြီး တင်သွားတယ်။ အခုအဲဒီနေရာတွေနားမှာ ကျူံးအရှေ့မှာ စိုက်ထားတဲ့ အပင်လိုမျိုး သပြေဘူတပင်တွေပြန်စိုက်နေတယ် သူကအဝါရောင်တွေလေ ” လို့ ဒေသခံတဦးကပြောပါတယ်။
စစ်အုပ်စု ခုတ်ထွင်ရှင်းလင်းနေတဲ့ စိန်ပန်းပင်တွေရဲ့ အမြင့်ဟာပေ ၃၀ ကျော် ပေ ၄၀ နီးပါးလောက်ရှိပြီးဖြစ်သလို အပင်ရေ ရာချီရှိတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီသစ်ပင်တွေကို ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် မြို့တော်ဝန်ဒေါက်ရဲလွင်က စိုက်ပျိုးခဲ့တာပါ။
ယခင်က ၇၈ လမ်း နဲ့ ၇၃ လမ်းကို ဆက်သွယ်တဲ့ ၃၈ လမ်းကို စစ်တပ်ဝန်းခံနေတဲ့ အတွက်လမ်းဖောက်လုပ်နိုင်ခဲ့ခြင်းမရှိပေမယ့် ဒေါက်တာရဲလွင်လက်ထက်မှာ စစ်တပ်က မြေယာတချို့စွန့်လွတ်ခဲ့လို့ လမ်းဖောက်လုပ်ခဲ့ပါတယ်။
၂၀၁၉ခုနှစ်၊ဇွန်လ၁၉ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာလမ်းဖွင့်ပွဲကျင်းပခဲ့ပြီးလမ်းနာမည်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်လမ်းလို့ ပေးခဲ့တာပါ။
” ပြောရမယ်ဆို အနီကြောက် ရောဂါပေါ့ဗျ။ အရိပ်ရပြီးသာ အပင်ခုတ်ပြီး အသစ်ပြန်စိုက်တယ်ဆိုတော့ အတော်ရူးပြီး သူတို့စိတ်ထဲမှာ အတော်အနီမုန်းတယ်ဆိုတာ သိသားတာပေါ့။ သစ်ပင်မှမဟုတ်ဘူး မြို့အဝင်က ဆိုင်းဘုတ်တွေလည်း အကုန် အစိမ်းရောင် ပြောင်းသုတ်နေတာပဲဗျ ” လို့ ဒေသခံ တဦးကမှတ်ချက်ပြုပါတယ်။
စစ်အုပ်စုက ဘာအကြောင်းပြချက်နဲ့အခုလို အရိပ်ရအပင်တွေကို လူအင်အား၊ စက်ယန္တယားတွေသုံးပြီး ရှင်းလင်းနေတယ်ဆိုတာ DNA ကသီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီဟာ အာဏာသိမ်းတဲ့အချိန်ကစပြီးNLDအစိုးရလက်ထက်ကလုပ်ဆောင်ချက်အချို့ကိုပယ်ဖျက်ခဲ့တာတွေရှိပြီး ဘက်ဂျက်နှစ်ပြန်လည်ပြင်ဆင်ခဲ့တာကတော့အထင်ရှားဆုံးလုပ်ရပ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်းငါးဆယ်နီးပါးကျင့်သုံးခဲ့တဲ့ ဧပြီလ၁ရက်ကနေ မတ်လ၃၁ရက်ဘက်ဂျက်ကာလကိုNLDအစိုးရလက်ထက်မှာအောက်တိုဘာ၁ရက်ကနေ စက်တင်ဘာ ၃၀ပြောင်းလဲခဲ့ပါတယ်။
စစ်ကောင်စီကတော့အာဏာသိမ်းပြီးဘက်ဂျက်ကာလကိုမူလအတိုင်း ဧပြီ ၁ကနေ မတ်လ ၃၁ပြန်ပြောင်းထားခဲ့ပါတယ်။