ရုရှားက မိတ်ဖက်နိုင်ငံတွေဆီက ငွေကြေး အကူအညီရဖို့ ကြိုးစားနေကြောင်း ဗြိတိန် ထောက်လှမ်းရေးဆို

ဧပြီ၊ ၆

စစ်ပွဲကြောင့် စရိတ် ထောင်းလာတဲ့နောက် ရုရှားဟာ မိတ်ဆွေ နိုင်ငံတွေဆီက ငွေကြေး အကူအညီ ရနိုင်ဖို့ အသည်းအသန် ကြိုးစားနေကြောင်း ဗြိတိန် ထောက်လှမ်းရေးက မှတ်ချက် ပေးခဲ့ပါတယ်။

 ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အိမ်နီးချင်း ယူကရိန်း နိုင်ငံကို အလွယ်တကူ သိမ်းယူနိုင်မယ်လို့ လျှော့တွက်ပြီး ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲဟာ တနှစ်ကျော် ကြာမြင့်လာတဲ့နောက် ရုရှား အနေနဲ့ အကြီးအကျယ် စစ်စရိတ် ထောင်းနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အနောက်မဟာမိတ် နိုင်ငံတွေက ရုရှားအပေါ် ဘက်ပေါင်းစုံက အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ် ပြဋ္ဌာန်းထားတာကြောင့်လည်း စီးပွားရေးအရ ပိုပြီး အကျပ်ရိုက်နေပါတယ်။

 တဖက်မှာတော့ ယူကရိန်းဟာ မဟာမိတ်တွေရဲ့ ငွေအား၊ လက်နက်အင်အား ဝိုင်းဝန်းပံ့ပိုးမှုတွေကြောင့် ရုရှားကို ထိထိရောက်ရောက် တုံ့ပြန် ခုခံနေဆဲ ဖြစ်ပါတယ်။

 ဗြိတိန် ထောက်လှမ်းရေး အစီရင်ခံစာမှာတော့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဌာနက ရုရှား ဝန်ကြီးချုပ် မစ်ခေးလ် မစ်ရှူတင်ရဲ့ လတ်တလော မှတ်ချက် တခုကို အဓိက မီးမောင်းထိုး ဖော်ပြထားခဲ့ပါတယ်။ မစ်ရှူတင်က ရုရှား အစိုးရရဲ့ နိုင်ငံခြား ငွေကြေးဆိုင်ရာ ကြွေးမြီတွေ ရွှေ့ပြောင်းမှု လုပ်ဆောင်ချက်တချို့ စတင် အသက်ဝင်နေပြီလို့ ပြောကြားခဲ့ပါတယ်။

 တနည်းအားဖြင့် ရုရှားဟာ ပြည်ပက ရင်းနှီးတဲ့ နိုင်ငံတွေဆီက ငွေကြေး အကူအညီ ရယူပြီး စစ်စရိတ်တွေ ကာမိအောင် ဖာထေးဖို့ ပြင်ဆင်နေတယ်ဆိုတာ မြင်သာကြောင်း ဗြိတိန် ထောက်လှမ်းရေးက သုံးသပ်ထားပါတယ်။ တကယ်လို့ မိတ်ဖက် နိုင်ငံတွေက ရုရှားအစိုးရဆီက အကြွေးစာချုပ်မျိုးတွေသာ ဝယ်ယူခဲ့မယ်ဆိုရင် ဘဏ္ဍာရေးအရ သွယ်ဝိုက် ထောက်ပံ့မှုမျိုး သေချာပေါက် ဖြစ်လာမယ်လို့လည်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။

 ရုရှားမှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အစိုးရ ငွေချေးစာချုပ်တွေကို ရုရှားဘဏ်တွေကသာ အဓိက ဝယ်ယူနေရာက အခုတော့ နိုင်ငံခြားက မိတ်ဖက် တိုင်းပြည်တွေကို ချဉ်းကပ် ကမ်းလှမ်းဖို့ ခြေလှမ်းပြင်လာတဲ့ သဘောပါပဲ။ ရုရှားအစိုးရရဲ့ ငွေချေးစာချုပ်တွေကို ဘယ်နိုင်ငံတွေက ဝယ်ယူပြီး ငွေကြေး ထောက်ပံ့လာနိုင်သလဲ ဆိုတာကိုတော့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက တိတိကျကျ မှတ်ချက် ပေးမသွားဘူးလို့ သိရပါတယ်။